သင်္ဃန်းညီနောင်ဗျူဟာစခန်းကို စစ်ကောင်စီထံမရောက်ရှိစေရေး အတိတ်ကဖြစ်ရပ်များကို သင်ခန်းစာယူ၍ စုစည်းဆောင်ရွက်ကြရန် KNLA ဗိုလ်မှူးချုပ်သတိပေး

သင်္ဃန်းညီနောင်ဗျူဟာစခန်းကို စစ်ကောင်စီထံမရောက်ရှိစေရေး အတိတ်ကဖြစ်ရပ်များကို သင်ခန်းစာယူ၍ စုစည်းဆောင်ရွက်ကြရန် KNLA ဗိုလ်မှူးချုပ်သတိပေး

စစ်ရေးအရအရေးပါသည့် သင်္ဃန်းညီနောင်ဗျူဟာစခန်း စစ်ကောင်စီထံမရောက်ရှိစေရေး အတိတ်ကဖြစ်ရပ်များကို သင်ခန်းစာယူ၍ စုစည်းဆောင်ရွက်ကြရန် KNLA စစ်ဦးစီးမှူးပထမတန်း ဗိုလ်မှူးချုပ်တာမလာသောမှ သတိပေးစကားဆိုသည်။

အာရှလမ်းမပေါ်တွင် KNLA ဦးဆောင်သည့် စစ်ရေးလှုပ်ရှားမှုများကို ပံပိုးကူညီနိုင်မည့် Campaign - တောနော် ရံပုံငွေရှာဖွေရေးအစီအစဉ်တွင် KNLA စစ်ဦးစီးမှူးပထမတန်း ဗိုလ်မှူးချုပ်တာမလာသောမှ ယင်းသို့ သတိပေးစကားဆိုခြင်းဖြစ်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ ဦးဆောင်မှုဖြင့် ပူးပေါင်းတိုက်ပွဲဝင်ကြသည့် ရဲဘော်တို့၏ အကောင်းဆုံးကြိုးပမ်းဆောင်ရွက်မှုကြောင့် စစ်ကောင်စီ၏ စစ်အခြေချဗျူဟာ သင်္ဃန်းညီနောင်အား သိမ်းပိုက်ရရှိခဲ့ပြီး ကရင့်တော်လှန်ရေးသမိုင်းတွင် ပထမဆုံးအဖြစ် ၁၂၀ မမ အမြှောက်နှစ်လက်ရရှိသည့် သမိုင်းဝင်အောင်မြင်မှုတစ်ခုဖြစ်၍ ကရင်လူမျိုးများအတွက် ဂုဏ်ယူစရာဖြစ်ကြောင်း ဗိုလ်မှူးချုပ်တာမလာသောမှ ဆိုသည်။

သင်္ဃန်းညီနောင်ဗျူဟာ သိမ်းပိုက်ရရှိခြင်းကြောင့် စစ်ကောင်စီသည် စစ်ရေးအရသော်လည်းကောင်း ၊ နိုင်ငံရေးအရသော်လည်းကောင်း ၊ စီးပွားရေးအရသော်လည်းကောင်း ဆုံးရှုံးမှုကြီးမားခဲ့ပြီး စစ်ကောင်စီ၏ ဒုခေါင်းဆောင်ကိုယ်တိုင် မော်လမြိုင်တွင်လာရောက်ကွပ်ကဲကာ စစ်အင်အားအပြည့်စုပုံ၍ နိုင်ငံတော်အဆင့် စစ်ဆင်ရေးဆောင်ရွက်လျှက် ရည်မှန်းချက်အတိုင်း တည့်တည့်မတ်မတ်လုပ်ဆောင်နေကြောင်း ဗိုလ်မှူးချုပ်မှ သတိပေးသည်။

စစ်ကောင်စီသည် ၎င်းတို့၏စစ်ဗျူဟာကို တော်လှန်ရေးဘက်မှ အာရုံမစိုက်နိုင်အောင် စစ်ကောင်စီလော်ဘီများနှင့် စိတ်ဓာတ်စစ်ဆင်ရေးများဆောင်ရွက်နေပြီး မဟာဗျူဟာအတိုင်း ရှေ့ဆက်တိုးလာနေချိန်တွင် တော်လှန်ရေးအင်အားစုများဘက်မှ ၎င်းတို့၏ သတင်းများအပေါ် လိုက်ပါစီးမျောပြီး စိတ်ပျက်မှုများ ဖြစ်ပေါ်မနေစေရန်နှင့် အတိတ်ကဖြစ်ရပ်များကို သင်ခန်းစာယူ၍ စုစည်းဆောင်ရွက်ကြရန် KNLA ဗိုလ်မှူးချုပ် တာမလာသောမှ ဆိုသည်။

ကရင်တော်လှန်ရေးသမိုင်းတွင် စစ်အာဏာရှင်ကို အရေးနိမ့်ခဲ့သည့် စစ်ပွဲနှစ်ခုရှိခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဘုရားသုံးဆူတိုက်ပွဲ၌ မိမိတို့အချင်းချင်း မညီညွတ်၍ နယ်မြေလုရာမှ တင်းမာမှုဖြစ်ကာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့ပြီး နောက်ဆုံးတွင် ဘုရားသုံးဆူသည် စစ်အာဏာရှင်လက်အောက်သို့ ရောက်ရှိခဲ့ရကြောင်း ၎င်းမှဆိုသည်။

ထို့အပြင် ၁၉၈၈ မယ်သဝေါတိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်ကောင်စီနယ်စပ်စခန်းကို အစီအစဉ်ကောင်းစွာမရှိဘဲ သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အရေးပါသည်ဟု ယူဆသည့်အတွက် စစ်ရုံးချုပ်က ဗိုလ်ချုပ်မောင်လှအား စေလွတ်၍ နိုင်ငံတော်အဆင့်ကွပ်ကဲစေကာ ပြန်လည်သိမ်းပိုက်နိုင်ရေးဆောင်ရွက်စေခဲ့ကြောင်း ၎င်းမှဆိုသည်။

ဗိုလ်ချုပ်မောင်လှမှ ရှမ်းရွာသစ်တွင်စခန်းချ၍ ဦးစွာစစ်ဆင်ရေးလမ်းကြောင်းဖောက်လုပ်ကာ တော်လှန်ရေးတပ်ဖွဲ့များသိမ်းပိုက်ရရှိခဲ့သည့် နယ်စပ်စခန်းအနီးသို့ လက်နက်ကြီးအမြောက်အများပို့ဆောင်ပစ်ခတ်ချေမှုန်းခြင်းကြောင့် အချိန်တိုအတွင်း စခန်းကိုပြန်လည်လက်လွှတ်ခဲ့ရကြောင်း ဗိုလ်မှူးချုပ် တာမလာသောမှ သတိပေးသည်။

အဆိုပါနယ်စပ်စခန်းနှစ်ခုဖြစ်ရပ်ကိုသင်ခန်းစာယူပြီး မဟာဗျူဟာနှင့် နည်းဗျူဟာများချမှတ်ကာ ရန်သူ၏မဟာဗျူဟာပစ်မှတ်ကို တည့်မတ်စွာ ချီတက်တိုက်ခိုက်ကြရန်နှင့် ကရင်အမျိုးသားအစည်းအရုံးမှလည်း နိုင်ငံရေးမဟာဗျူဟာရေးဆွဲထားပြီး စစ်ရေးနှင့် အုပ်ချုပ်ရေး  ဟန်ချက်ညီစွာ ဆောင်ရွက်သွားမည်ဖြစ်ကာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ရရှိသည့် အာဏာလေဟာနယ်အား ဖြည့်တင်းရန် စီမံချက်ရေးဆွဲထားကြောင်း ဗိုလ်မှူးချုပ်မှဆိုသည်။

ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စိတ်ဓာတ်ကျဆင်းနေပြီဖြစ်သော်လည်း လက်နက်နှင့်အရင်းအမြစ်ရှိနေသေးသည့်အတွက် ရေရှည်စစ်ကိုဆင်နွဲပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ကျည်နှင့်ခဲယမ်းကို ပြုန်းတီးရန်ဆောင်ရွက်ပြီးမှ တိုက်ခိုက်ချေမှုန်းရန် လုပ်ဆောင်မည်ဖြစ်ကြောင်းနှင့် စစ်ကောင်စီ၏ စစ်ရေးမဟာဗျူဟာနှင့် နည်းဗျူဟာအား အထင်သေး၍ မရကြောင်း ဗိုလ်မှူးချုပ်မှ သတိပေးသည်။

အာရှလမ်းမပေါ်ရှိစစ်ပွဲသည် ကရင့်တော်လှန်ရေး အောင်မြင်ရေးအတွက် အမှတ်သင်္ကေတ လက္ခဏာများထဲမှ တစ်ခုဖြစ်ပြီး အတိတ်ကဖြစ်ရပ်များကို သင်ခန်းစာယူကာ ရန်သူ၏ ထိုးစစ်ကို ရိုက်ချိုးနိုင်ရန် အားလုံးကျရာအခန်းကဏ္ဍတွင် လက်တွဲပါဝင်ကြရန်လိုအပ်ကြောင်း ဗိုလ်မှူးချုပ် တာမလာသောမှ Campaign-တောနော် ရံပုံငွေရှာဖွေရေးအစီအစဉ်တွင် သတိပေးစကားဆိုခဲ့သည်။

#TachileikNewsAgency