ထမ်းယံတိုင်ရွာကို စစ်ကောင်စီ ဝင်ရောက်တပ်စွဲ၍ ဒေသခံများကို ရိုက်နှက်

ထမ်းယံတိုင်ရွာကို စစ်ကောင်စီ ဝင်ရောက်တပ်စွဲ၍ ဒေသခံများကို ရိုက်နှက်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် ထမ်းယံတိုင်ရွာကို စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များ ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၂)ရက်နေ့တွင် ဝင်ရောက်ကာ ပြည်သူများအားရိုက်နှက်ပြီး ပစ္စည်းများယူဆောင်သွားကြောင်း PNLA က သတင်းထုတ်ပြန်သည်။

ဆီဆိုင်မြို့နယ် လွယ်မောတောင်ဒေသ ထမ်းယံတိုင်ရွာအတွင်းသို့စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာသားများအား ရိုက်နှက်နှိပ်စက်သည့်အပြင် ဒေသခံများ၏ ပစ္စည်းဥစ္စာများကိုလည်း အတင်းအဓမ္မ ယူဆောင်သွားသည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် ထမ်းယံတိုင်ရွာအတွင်းတွင် တပ်စွဲပြီး တောတောင်အတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ဟုလည်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ‌ပြီးခဲ့သည့် မေလ (၂၉)ရက်နေ့တွင်လည်း ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပန်ရန်းရွာနှင့် ထမ်းယံတိုင်ရွာမှ  ပြည်သူ(၁၀၀၀)ဝန်းကျင်မှာ ရွာလုံးကျွတ်တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု သိရသည်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်မှ လက်နက်ကြီးများဖြင့် ပအိုဝ်းကျေးရွာကို ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် လက်နက်ကြီးကျည်အချို့မှာ ကျေးရွာအတွင်းသို့ ကျရောက်သဖြင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။

မေလ(၂၉)ရက်နေ့တွင်ပင် ဖက်နမ်ကျေးရွာအနီးတွင်လည်း ခရီးသွားလာသည့် သာမန်အရပ်သားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ဖက်နမ်ကျေးရွာအနီးတွင် ဖမ်းဆီးသတ်ဖြတ်ခံရသည့် ပြည်သူတဦးသည် ဖက်နမ်ကျေးရွာခံမဟုတ်ပဲ ခရီးသွားတဦးဖြစ်ကြောင်းစုံစမ်းသိရပြီး သတ်ဖြတ်ခံရသည့် သူ၏ အသေးစိတ်အချက်အလက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု PNLA က ထုတ်ပြန်ထားသည်။

#TachileikNewsAgency