သံတွဲတိုက်ပွဲ စစ်ကောင်စီတပ်ရင်းလိုက်ပျောက်သွားသဖြင့် တပ်ရင်းမှူးက ဒေသခံများကို ဖုန်းဆက်ကာ တပ်အကြောင်းမေးနေရ

သံတွဲတိုက်ပွဲ စစ်ကောင်စီတပ်ရင်းလိုက်ပျောက်သွားသဖြင့် တပ်ရင်းမှူးက ဒေသခံများကို ဖုန်းဆက်ကာ တပ်အကြောင်းမေးနေရ

ရခိုင်ပြည်နယ် သံတွဲမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်များ သေဆုံးသူများကာ တပ်ဆုတ်သွားပြီး တပ်ရင်းလိုက်ပျောက်ဆုံးသွားသည့် တပ်များပင်ရှိသဖြင့် တပ်ရင်းမှူးက ဒေသခံများကို ဆက်သွယ်ကာ တပ်ရင်းအကြောင်းမေးနေရသည်ဟု သိရသည်။

သံတွဲမြို့ လင်းသီရွာနှင့် ကျောင်းကုန်းတံတားထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင် တိုက်ခိုက်ကာ တပ်ရင်းလိုက်ပျောက်ဆုံး၊ သေဆုံးသူများပြီး တချို့မှာ တပ်ဆုတ်သွားကြောင်း သိရသည်။

"လင်းသီမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ကျောင်းရွာအနီးက ဘုရားတောင်ကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်ကတော့ မနေ့က အပြန်အလှန်ပစ်တော့ သေသွားကြပြီ။ ဘယ်လောက်သေတယ်ဆိုတာ အတိအကျပြောဖို့တော့ခက်တယ်။"ဟု စစ်ရေးသတင်းအရင်းမြစ်က Tachileik News Agency ကိုပြောသည်။

လင်းသီရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တချို့သည် တိုက်ပွဲမဖြစ်ပွားခင်က ‌ရွှေလှေတိုက်နယ်ဆေးရုံတွင် တပ်စွဲထားပြီး ယမန်နေ့က AA က ဝင်တိုက်ရာ အားလုံးသေဆုံးသွားနိုင်သည်ဟုလည်း ဒေသခံတစ်ဦးက ဆိုသည်။

"ကျောင်းကုန်းအပိုင် လင်းသီရွာကြားက တံတားတဖက် တောင်ပေါ်မှာ တပ်တစ်တပ်ရှိတယ်။ လင်းသီရွာထဲမှာ တပ်တစ်တပ်ရှိတယ်။ အခု လင်းသီရွာကတပ်က ကျန်ခဲ့သူတွေကသေတယ်။ အခုက လင်းသီရွာထဲမှာ စစ်ကောင်စီတပ်တွေမရှိတော့ဘူး။ တံတားတဖက် ကတပ်တွေလည်းမရှိတော့ဘူး။ အကုန်သေသွားပြီ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ကျောင်းကုန်းရွာဘက်ခြမ်း တောင်ကုန်းများပေါ်တွင် နေရာယူထားသည့် စစ်ကောင်စီတပ်ကို AAက တိုက်ခိုက်နေသည်မှာ ကြာပြီဖြစ်ပြီး ယမန်နေ့ ၂၀၂၄ ခုနှစ် မေလ(၁၈)ရက်နေ့တွင် အဆိုပါနေရာများနှင့် လင်းသီရွာအတွင်းသို့ AAက ဝင်ရောက်ဝိုင်းကာ တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သားများ သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

"လင်းသီရွာနဲ့ ကျောင်းကုန်းဘက်မှာ တပ်စွဲခဲ့တဲ့အင်အားဟာ အများဆုံး(၁၀၀)ဝန်းကျင်ပဲ။ အခုက ရွှေလှေတိုက်နယ်ထဲမှာ စစ်ကောင်စီတပ်တွေ ရှိ၊ မရှိဆိုတာ အတိတကျပြောဖို့တော့ ခက်နေသေးတယ်။ လက်ရှိတော့ တိုက်ပွဲမဖြစ်တော့ဘူး။ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတော့ ပြောဖို့ခက်ပါတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

လင်းသီရွာဖက်တွင် စစ်ကောင်စီတပ် တပ်ရင်းလုံး ပျောက်သွားသဖြင့် တပ်ရင်းမှူးက ဒေသခံများအား ဖုန်းဆက်၍ ၎င်း၏တပ်အခြေအနေကို မေးမြန်းရသည့် အခြေအနေဖြစ်သည်ဟုလည်း စစ်တပ်အသိုင်းအဝိုင်းက Tachileik News Agency ကို ပြောသည်။

"လင်းသီမှာ စစ်တပ်ဘက်က အသေများ တပ်ရင်းလိုက်ပျောက်သွားတာ။ အဲဒါ အဆက်အသွယ်မရလို့ တပ်ရင်းမှူးက ဒေသခံဖုန်းတွေကိုဆက်ပြီး သူ့တပ်အခြေအနေ ဘယ်လိုရှိလဲမေးရတဲ့အဆင့် ရောက်သွားတယ်။"ဟု ၎င်းကပြောသည်။

သံတွဲမြို့တွင် ခလရ(၅၅)၊ ခမရ(၅၆၆)တပ်များသာရှိသော်လည်း ဧရာဝတီတိုင်းရှိ တပ်ရင်းမှ ထုတ်နုတ်အင်အား တချို့ကိုလည်း သံတွဲသို့ ပို့ထားသည်ဟု စစ်ကောင်စီတပ်နှင့် နီးစပ်သူက ဆိုသည်။

သံတွဲမြို့နယ် ရွှေလှေတိုက်နယ်အတွင်း ၂၀၂၄ ခုနှစ် မေလ(၁၃) ရက်နေ့ ညပိုင်းကစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ လင်းသီရွာနှင့် ရွှေလှေရွာအတွင်းသို့ကျပြီး အရပ်သား(၁၀)ဦးသေဆုံးခဲ့သည်။

သံတွဲမြို့ ဘားတောင်ရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီး အထိုင်စခန်းမှ ၂၀၂၄ ခုနှစ် မေလ (၁၄)ရက်နေ့ ညပိုင်းတွင် လက်နက်ကြီး (၁၂)လုံးပစ်ခတ်ရာ ‌လင်းသီရွာနှင့် ရွှေလှေရွာများအတွင်းသို့ ကျရောက်ပြီး ဒေသခံ(၁၀)ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

ယမန်နေ့ မေလ(၁၈)ရက်နေ့ကလည်း နတ်တောင်မော်ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲရာ ဒေသခံ(၉)ဦးသေဆုံးခဲ့သည်။

#TachileikNewsAgency