သံတွဲတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဆက်ဖြစ်နေ

သံတွဲတွင် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဆက်ဖြစ်နေ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ရွှေလှေတိုက်နယ်တွင် စစ်ကောင်စီတပ်နှင့် AA တို့ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၅)ရက်နေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ တိုက်ပွဲပြင်း ထန်စွာဖြစ်ပွားပြီးနောက် ညနေပိုင်းတွင် ဆက်လက် တိုက်ပွဲဖြစ်နေသည်ဟု ဒေသခံများထံမှ သိရသည်။

"လက်ရှိအခြေအနေက ဖုန်းလိုင်းတွေလည်း ပြတ်တောက်နေတယ်။ မီးတစ်ရက်လုံးပြတ်နေတယ်။ လက်နက်ကြီး‌တွေကျတယ်။ လေယဉ်နဲ့ဗုံး နှစ်ကြိမ်လာကြဲတယ်။"ဟု ဒေသခံတစ်ဦးက ‌Tachileik News Agency ကိုပြောသည်။

ဖုန်းလိုင်းနှင့် လျှပ်စစ်မီးဖြတ်တောက်ခံထားရသော ကျေးရွာများမှာ ဒေါ်မြ၊ ပုရစ်ရေကောက်၊ ဆူးပုတ်ကုန်း၊ ဘုရားမော်၊ ချင်းကွင်း၊ လင်းသီ၊ ရွှေလှေ၊ ပေါက်တော၊ ဇီးကျွန်း၊ နတ်မော်၊ ပြင်ယောင်း၊ သဗြုချိုင်၊ ရှင်စောပြင်နှင့် ကွေ့ချောင်း စသည့် ကျေးရွာများပါဝင်ပြီး မိုင်တဲတစ်မျိုးတည်းသာ လိုင်းမိသည်ဟု သိရသည်။

တိုက်ပွဲကြောင့် ရွေလှေနှင့် ပေါက်တောရွာရှိ ဒေသခံများသည် ပင်လယ်အနီးရှိ ရွာများဖက်သို့ တိမ်းရှောင်သူရှိသည့်အပြင် သံတွဲမြို့ပေါ်သို့ တိမ်းရှောင်သူများမှာ ကင်းမော်တံတားတွင် တားဆီးခံထားရသည်ဟု သိရသည်။

သံတွဲမြို့အထွက် ဘားတောင်ရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီး အထိုင်စခန်းမှ မေလ (၁၄)ရက်နေ့ ညပိုင်းတွင် လက်နက်ကြီး (၁၂)လုံးပစ်ခတ်ရာ ‌လင်းသီရွာအတွင်း ကျရောက်ပြီး ဒေသခံ(၁၀)ဦး သေဆုံးခဲ့သည်။

"သေဆုံးသူတွေကို သပြုချိုင်ရွာမှာ မြှုပ်နှံဖို့စီစဉ်ထားတယ်။ လောလောဆယ်တိုက်ပွဲပြန်စနေလို့ ကား‌တွေအလောင်းသယ်ဖို့ သွားခွင့်မရပဲ လမ်းမှာရပ်ထားရတယ်။"ဟု ဒေသခံတစ်ဦးက ဆက်ပြောသည်။

လက်နက်ကြီးကျကာ သေဆုံးသွားသည့် ရွှေလှေ အထက ကျောင်းအနီးမှ အလောင်း(၅)လောင်းကို ညနေပိုင်း‌တွင် ကောက်ယူနိုင်ခဲ့ပြီး ကျန်တစ်လောင်းကိုလည်း ကောက်ယူ၍ ရွှေလှေရွာတွင်ပင် မြေမြှုပ်သင်္ဂြိုလ်ပြီးဖြစ်သည်ဟု သိရသည်။

"လင်းသီရွာ ဇီးတောအပိုင်းမှာ အလောင်းကောက်ဖို့ကျန်တယ်။ အခု တိုက်ပွဲဖြစ်နေတဲ့ တံတားမှာ နှစ်လောင်းကျန်သေးတယ်။ ရွာနားမှာပဲ။ ၆ နာရီလောက်မှာ လေယဉ်နဲ့ထပ်လာကြဲတယ်။ တံတားတဖက်ခြမ်းတောင်တွေပေါ်ကျတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ကလည်း သံတွဲမြို့ နှင့် (၁၀)မိုင်ဝန်းကျင်အကွာ ရေစင်ရွာအနီးသို့  စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် အဆက်မပြတ် ပစ်ခတ်ခဲ့ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ဒေါ်ကြူကြူလှ၏ရွာ ဇီးကျွန်းရွာနှင့် အောက်နတ်မော်ကျေးရွာတို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်ရာ နေအိမ်တလုံး မီးလောင်ကျွမ်းပြီး အရပ်သား (၃)ဦး ဒဏ်ရာရခဲ့သည်။  

စစ်ကောင်စီတပ်သည် သံတွဲမြို့အထွက် ဘားတောင်းတောင်နှင့် သံတွဲမြို့ပေါ်ရပ်ကွက်များအနီးရှိ သူခိုးစမ်းတောင်ကြောမှနေ၍ ဟောင်ဝှစ်ဇာအမြှောက်များနှင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

 

သံတွဲမြို့နယ်အတွင်း AAနှင့် စစ်ကောင်စီတပ်တို့သည် ယခုနှစ် ဧပြီလ(၁၃)ရက်နေ့မှစတင်ပြီး ရွှေလှေတိုက်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency