ကနီမြို့နယ်အတွင်း ( ၁၄ )ရက်ကြာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုနှင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်(၁၅)နှစ်အောက် ကလေး(၃)ဦး သေဆုံး

ကနီမြို့နယ်အတွင်း ( ၁၄ )ရက်ကြာ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုနှင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက်(၁၅)နှစ်အောက် ကလေး(၃)ဦး သေဆုံး

 စစ်ကိုင်းတိုင်း၊ ကနီဒေသတွင် စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုနှင့်ရမ်းသမ်းပစ်ခတ်မှုကြောင့် ( ၁၄ )ရက်အတွင်း ကလေး (၃)ဦး သေဆုံးခဲ့ရသလို ရပ်သား အများအပြား ဖမ်းဆီးခံရခြင်းများ ရှိနေကြောင်း သိရသည်။ 

ကနီမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ၂၀၂၃ခုနှစ်၊ မေလ(၁၂) ရက်နေ့မှ မေလ ( ၂၅ )ရက်နေ့အထိ ကလေးငယ်( ၂ )ဦးကို သတ်ဖြတ်ခြင်း၊ လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦး ထိမှန်သေဆုံးခြင်း၊ အရပ်သားများကို ဖမ်းဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။



မေလ( ၁၂ )ရက်နေ့က ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာရှိ ပျူစော ထီးစခန်းမှ ကနီမြို့နယ်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် ကနီမြို့နယ်၊ လယ်ရှည်ရွာ တောတိုက်အရှေ့ဘက် မယ်စောတောနှင့် အုတ်ကန်တောကြားတွင် နွားကျောင်း‌နေသည့် အသက် ( ၁၃ ) နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့်အတူ အသက် ( ၆ )နှစ်အရွယ် မိန်းကလေးတို့ကို ပစ်သတ်သွားကြောင်း သိရသည်။

ယင်းအပြင် ကနီမြို့နယ်၊ လယ်ရှည်ရွာသို့ မေလ(၁၆)ရက်နေ့က စစ်ကြောင်းထိုးလာစဉ် လက်နက်ကြီးနှင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အသက်(၁၅)နှစ်အရွယ်   မမိုးမိုး လက်နက်ကြီးထိမှန်က သေဆုံးခဲ့ ရကြောင်း ဒေသခံများထံမှ သိရသည်။



မေလ(၁၈)ရက်၊ မေလ(၂၄)ရက် နှင့် မေလ(၂၅)ရက်နေ့များတွင် ကနီမြို့နယ်အတွင်း တွင်းရွာနေ အသက်(၃၀)နှစ်ရှိ ကိုရှိုင်းမင်းကို၊ အသက်(၂၈)နှစ်ရှိ ကိုရန်နိုင်ဦး၊ သင့်ဝင်ရွာ အနောက်တောတိုက်မှ အသက်(၃၀)အရွယ် ကိုအဲလေး နှင့် သမင်ခြံရွာမှ ကိုအဲကြီး အပြင်  ချောင်းမ- ကနီလမ်း၌ ဆိုင်ကယ်မောင်းလာသူ အရပ်သား( ၂ )ဦး၊  ငါးဖျက်ရွာမှ အမျိုးသားတစ်ဦး တို့ ဖမ်းဆီးခံရကြောင်း သိရသည်။