ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်ပါက ဖမ်းဆီးအရေးယူသွားမည် ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မှ ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၄) ရက်နေ့တွင် ထုတ်ပြန်သည်။
ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်၏ တပ်မှူး၊ ဌာနမှူး အဆင့်ဆင့်နှင့် အုပ်ချုပ်ရေးတာဝန်ခံ အဆင့်ဆင့်အပါအဝင် ပြည်သူလူထု အားလုံး အမိန့်ထုတ်ပြန်ချက်ကို မလိုက်နာပဲ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ခိုလှုံခွင့်ပေးခဲ့ပါက ပြစ်ဒဏ်ကျခံရမည်ဖြစ်ပြီး ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများကို ဖမ်းဆီး၍ တရုတ်အစိုးရထံ ပြန်လည်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း SSPPမှ ဆိုသည်။
ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ SSPP/SSA၏ အုပ်ချုပ်ရေးနယ်မြေအတွင်း လုံးဝနေထိုင်ခွင့်မပြုရန်နှင့် ကျားဖြန့်ငွေလိမ်သူများကို လက်ခံထားပါက မည်သူမဆို အလုပ်ကြမ်းနှင့်ထောင်ဒဏ် ကျခံရမည်ဖြစ်ပြီး ခိုလှုံခွင့်ပေးသည့်နေရာကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်တိုးတက်ရေးပါတီ SSPP သည် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့တွင် ၄င်းတို့၏ အုပ်ချုပ်ရေးနယ်မြေ နမ့်ခမ်းမြို့ရှိ ကျားဖြန့်လုပ်ငန်းတစ်ခုကို ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံသား (၈၈)ဦးကို တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့သည်။
#TachileikNewsAgency