စစ်ခေါင်းဆောင်၏ မိန်းမရွာတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကျ

စစ်ခေါင်းဆောင်၏ မိန်းမရွာတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကျ

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မိန်းမ ဒေါ်ကြူကြူလှ၏ ဇီးကျွန်းရွာကို ယနေ့ ၂၀၂၄ ခုနှစ် မေလ (၁၂)ရက်နေ့တွင်  စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် (၃)လုံး ကျရောက်ပေါက်ကွဲကြောင်း သိရသည်။

သံတွဲမြို့နှင့် (၁၀) မိုင်ဝန်းကျင်ဝေးသည့် ဇီးကျွန်းရွာကို အရက္ခတပ်တော်(AA) ရောက်ရှိနေသည်ဆိုသော သတင်းကြောင့် သံတွဲမြို့ဘက်မှ (၁၂၀)မမဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တိုက်ပွဲမဖြစ်ပဲ ပစ်တာ။ မနက်က (၂)လုံး ဇီးကျွန်းရွာကို ကျတယ်။ ညနေပိုင်း တစ်လုံးကျတယ်။ နွားနှစ်ကောင်သေသွားတယ်။ ဇီးကျွန်းရွာသားအများစုက စစ်တပ်ဖက်ကဆိုတော့ မပြေးကြဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း လင်းသီရွာအနောက်ဘက်တွင် တိုက်ပွဲဖြစ်နေချိန် သံတွဲမြို့ဘက်က ပစ်ခတ်သည့် လက်နက်ကြီးကျည် (၂)လုံး ဇီးကျွန်းရွာသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

"မနေ့ညတုန်းက (၈)နာရီမှာ စစ်တပ်က စစ်သား(၅၆)ယောက်လောက် သံတွဲဖက်ကို ခြေလျှင်ဖြတ်သွားတယ်။ အခုဘယ်ရောက်သွားလည်းတော့မသိဘူး။ လင်းသီရွာထဲက တပ်မဟုတ်ဘူး။"ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် AA တို့သည် လင်းသီရွာ အနီးတဝိုက်တွင် တိုက်ပွဲများဖြစ်နေသော်လည်း ယမန်နေ့နှင့် ယနေ့တို့တွင် အပြန်အလှန်ပစ်ခတ်သံ မကြားရဘဲ စစ်ကောင်စီတပ်ကသာ လက်နက်ကြီးနှင့် ပစ်ခတ်‌နေခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ရွှေလှေတံတားထိပ် လင်းသီကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို AAက တိုက်ခိုက်နေခြင်းဖြစ်ပြီး

တိုက်ပွဲကြောင့် ကျေးရွာ(၁၅)ရွာထက်မနည်းမှ ဒေသခံများ တိမ်းရှောင်နေကြရသည်။

#TachileikNewsAgency