ဖိလစ်ပိုင် နိုင်ငံတော်လုံခြုံရေးကောင်စီက တရုတ်သံတမန်များကို နှင်ထုတ်ရန် တောင်းဆို

ဖိလစ်ပိုင် နိုင်ငံတော်လုံခြုံရေးကောင်စီက တရုတ်သံတမန်များကို နှင်ထုတ်ရန် တောင်းဆို
By Mr John

တောင်တရုတ်ပင်လယ်ပြင်ကိစ္စ အငြင်းပွားမှု ပြင်းထန်လာနေစဥ် ဖိလစ်ပိုင်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေးကောင်စီက တရုတ်သံတမန်များကို နိုင်ငံမှ နှင်ထုတ်ရန် ၂၀၂၄ ခုနှစ် မေလ (၁၀) ရက်နေ့တွင် တောင်းဆိုလိုက်သည်။ 

ကြိုတင်ကြံရွယ်ချက်ဖြင့် မဟုတ်မမှန်သတင်းများ ထပ်တလဲလဲ ဖြန့်ဝေမှုဖြင့်  တရုတ်သံတမန်များကို နိုင်ငံမှ နှင်ထုတ်ရန် ဖိလစ်ပိုင် နိုင်ငံတော်လုံခြုံရေးကောင်စီက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

တရုတ်သံရုံး၏ လုပ်ဆောင်မှုများကို ကြီးလေးသော ပြစ်ဒဏ်မရှိဘဲ အရေးယူမှုမရှိ ခွင့်ပြုမပေးသင့်ကြောင်း ဖိလစ်ပိုင် နိုင်ငံတော်လုံခြုံရေးကောင်စီ အကြံပေးပုဂ္ဂိုလ် Aduardo Ano က ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

တောင်တရုတ်ပင်လယ်ပြင်ကိစ္စ အငြင်းပွားမှုနှင့် ပတ်သက်၍ တရုတ်သံတမန်နှင့် ဖိလစ်ပိုင် ရေတပ်ဗိုလ်ချုပ်ကြီးတို့ကြား ဖုန်းပြောဆို ဆွေးနွေးမှု ပေါက်ကြားခဲ့ခြင်းကို Ano က ရည်ညွှန်းခဲ့သည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ‌ပြောခွင့်ရပုဂ္ဂိုလ် Lin Jian ကမူ ဖိလစ်ပိုင်ဘက်မှ ပြောဆိုမှုမှာ တမင်ဆွပေးမှုဖြစ်ကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံရှိ တရုတ်သံတမန်များကို ၎င်းတို့၏အလုပ် လုပ်ခွင့်ပြုရမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ 

တရုတ်သံတမန်တွေရဲ့ ပုံမှန် လုပ်ငန်းတာဝန်များကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့ ဖိလစ်ပိုင်ဘက်ကို တရုတ်က အလေးအနက် တောင်းဆိုပါတယ်။ သဘောတူညီမှု ချိုးဖောက်တာနဲ့ ရန်စတာတွေ ရပ်ပါ။ အဖြစ်မှန်ကို မငြင်းပါနဲ့

 ဟု ၎င်းက ဘေးဂျင်းမြို့တွင် ပြုလုပ်ခဲ့သည့် ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့သည်။

Lin Jian ၏ ပြောဆိုမှုနှင့် ပတ်သက်၍ ဖိလစ်ပိုင်သမ္မတ ဖာနန်ဒို မားကို့စ်ဂျူနီယာ၏ ရုံးနှင့် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနကို မှတ်ချက်မေးမြန်းခဲ့သော်လည်း ချက်ချင်း မတုံပြန်ကြောင်း ရိုက်တာ သတင်းက ဖော်ပြသည်။ 

တရုတ်နှင့် ဖိလစ်ပိုင် နှစ်နိုင်ငံကြား တောင်တရုတ်ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ပြင်းထန်လာပြီး တင်းမာမှုများ မြင့်တက်နေခြင်းဖြစ်သည်။

Source: Reuters