ဝန်ထမ်းဦးရေ ထောင်နှင့်ချီ အစုလိုက်အပြုံလိုက် အလုပ်ထုတ်မှုအတွက် Twitter ကို တရားစွဲ

ဝန်ထမ်းဦးရေ ထောင်နှင့်ချီ အစုလိုက်အပြုံလိုက် အလုပ်ထုတ်မှုအတွက် Twitter ကို တရားစွဲ
နိုဝင်ဘာ 5, 2022 | နိုင်ငံတကာသတင်း
By Mr John

ပိုင်ရှင်သစ် အီလွန်မက်စ်၏ ဝန်ထမ်းအင်အား ထက်ဝက်လျှော့ချမည့် အစီအစဥ်နှင့် ပတ်သက်၍ Twitter ကို ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ရှိ ပြည်ထောင်စုတရားရုံးတစ်ရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။ 

ဝန်ထမ်းများကို လုံလောက်သည့် ကြိုတင်အသိပေးမှုမရှိဘဲ ကုမ္ပဏီက အလုပ်ထုတ်နေခြင်းမှာ ပြည်ထောင်စုနှင့် ကယ်လီဖိုးနီးယား ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း Twitter ဝန်ထမ်းများက ပြောသည်။

Twitter ကို အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် အီလွန်မက်စ်က အမှုဆောင်အရာရှိချုပ် အပါအဝင် ထိပ်တန်းအရာရှိများကို ချက်ချင်း အလုပ်ထုတ်ခဲ့သည်။ 

ထို့နောက် ဝန်ထမ်းလျှော့ချမှုကို စတင်လုပ်ဆောင်နေခြင်းလည်း ဖြစ်သည်။ 

Twitter ပိုင်ရှင်သစ် အီလွန်မက်စ်က ကုန်ကျစရိတ်များ လျှော့ချရန်အတွက် ဝန်ထမ်းအရေအတွက် (၃,၇၀၀) သို့မဟုတ် ကုမ္ပဏီ၏ ဝန်ထမ်းအင်အားထက်ဝက်ကို အလုပ်ရပ်နားသွားရန် စီစဥ်နေကြောင်း Bloomberg News က နိုဝင်ဘာလ (၂) ရက်တွင် ဖော်ပြခဲ့သည်။

အီလွန်မက်စ်က အလုပ်ရပ်နားခံရမည့် ဝန်ထမ်းများကို နိုဝင်ဘာလ (၄) ရက် နှောင်းပိုင်းတွင် အီးမေးလ်ဖြင့် အကြောင်းကြားသွားမည်ဟု ပြောကြားခဲ့ပြီးနောက် ယခုအခါ Twitter ရုံးခန်းများကို ယာယီပိတ်ထားကြောင်း သိရသည်။ 

နိုဝင်ဘာလ (၄) ရက် ပစိဖိတ်စံတော်ချိန် နံနက် (၉) နာရီတွင် ဝန်ထမ်းလျှော့ချမှုနှင့် ပတ်သက်၍ ပြောကြားမည်ဖြစ်ကြောင်း Twitter ကုမ္ပဏီက ဝန်ထမ်းများကို ပေးပို့သည့် အီးမေးလ်တွင် ပြောထားသည်။

အီလွန်မက်စ်က Twitter ၏ လက်ရှိ ကျင့်သုံးနေသော မည်သည့်နေရာမှဖြစ်စေ အွန်လိုင်းမှတစ်ဆင့် အလုပ်လုပ်နိုင်သော မူဝါဒကိုလည်း ပြန်ပြောင်းသွားရန် ရည်ရွယ်ထားပြီး ခြွင်းချက်အချို့ရှိနိုင်သော်လည်း ဝန်ထမ်းများအနေဖြင့် ရုံးတက်အလုပ်လုပ်ရမည် ဖြစ်သည်။ 

Twitter ကို အီလွန်မက်စ် ဝယ်ယူခဲ့ပြီးနောက် အပြောင်းအလဲများ ဆက်တိုက်ရှိလာနေသည်။

 Twitter တွင် စစ်ဆေးအတည်ပြုထားသော အကောင့်ဖြစ်ကြောင်း ဖော်ပြချက်ဖြစ်သည့် အပြာရောင်အမှန်ခြစ် blue mark ရယူလိုသူများကို လစဥ်ကြေး အမေရိကန်ဒေါ်လာ (၈) ဒေါ်လာ ကောက်ခံသွားမည်ဟု အီလွန်မက်စ်က နိုဝင်ဘာလ (၁) ရက်တွင် ပြောခဲ့သည်။

ယခုလို ဝန်ထမ်းများ အစုလိုက် အပြုံလိုက် ထုတ်လိုက်ရခြင်း နှင့် ပတ်သက်ပြီး Twitter ကုမ္ပဏီအနေဖြင့် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ(၄)မီလီယံ ဆုံးရှုံးနေသည့်အတွက် ရွေးချယ်စရာမရှိ၍ ထုတ်ပယ်ရခြင်း ဖြစ်သော်လည်း အလုပ်ထုတ်ခံရသူများကို  နစ်နာကြေးအဖြစ် (၃)လစာ ပေးထားကြောင်း အီလွန်မက်စ်က ဒေသစံတော်ချိန် နိုဝင်ဘာလ(၄)ရက်နေ့  ည(၇)နာရီ (၁)မိနစ်အချိန်တွင် ပြောကြားထားသည်။

 

Source: Reuters