မြန်မာနိုင်ငံတွင် စစ်အုပ်စုက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၄) ဦးကို သေဒဏ်စီရင်မှုအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဇူလိုင်လ (၂၇) ရက်နေ့၌ ရှုတ်ချလိုက်ပြီး သမ္မတဦးဝင်းမြင့်နှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
လုံခြုံရေးကောင်စီ အဖွဲ့ဝင် (၁၅) နိုင်ငံလုံးက တခဲနက်သဘောတူညီခဲ့ကြသည့် စစ်အုပ်စုကိုရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့်အကျိုးစီးပွားနှင့်အညီ တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ရေး၊ လူအခွင့်အရေးကို လေးစားရန်နှင့် အကူအညီများ အပြည့်အဝပေးနိုင်ရန်တို့ကို တိုက်တွန်းထားသည်။
လုံခြုံရေးကောင်စီတွင် ထိုသို့ တခဲနက်သဘောတူညီမှုမှာ ရှားပါးပြီး မြန်မာ့အရေးနှင့်ပတ်သက်ပါက ဗီတိုအာဏာသုံးခွင့်ရ တရုတ်နှင့်ရုရှားတို့က ကန့်ကွက်လေ့ရှိသည်။
ကုလသမဂ္ဂ လုံခြုံရေးကောာင်စီတွင် အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံနှင့် အမြဲတမ်းအဖွဲ့ဝင်မဟုတ်သည့် (၁၀) နိုင်ငံ ပါဝင်သည်။
ဗီတိုအာဏာသုံးခွင့်ရ အမြဲတမ်းအဖွဲ့ဝင် (၅) နိုင်ငံမှာ ပြင်သစ်၊ တရုတ်၊ ရုရှား၊ ဗြိတိန်နှင့် အမေရိကန်တို့ ဖြစ်သည်။
အာဏာသိမ်း မြန်မာစစ်အုပ်စုက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၄) ဦးဖြစ်သည့် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရတို့ကို သေဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း ဇူလိုင်လ (၂၅) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
စစ်အုပ်စုက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၄) ဦးကို သေဒဏ်စီရင်မှုအပေါ် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဆီယံ အပါအဝင် ကမ္ဘာတဝန်းက ရှုတ်ချမှုများ ဆက်တိုက်ရှိလာနေခဲ့သည်။
G7 နိုင်ငံများကလည်း မြန်မာစစ်အုပ်စုက ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ (၄) ဦးအား သေဒဏ်စီရင်ခဲ့ခြင်းကို ဇူလိုင်လ (၂၈) ရက်နေ့က ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပြီး နောက်ထပ် မတရားသဖြင့် သေဒဏ်စီရင်မှုများ မလုပ်ရန်နှင့် နိုင်ငံရေးအကျဥ်းသားများအားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။
"မြန်မာနိုင်ငံတွင် နှစ်ပေါင်း (၃၀) ကျော်အတွင်း ပထမဆုံးအကြိမ်ဖြစ်သည့် ထိုသေဒဏ်စီရင်မှုများနှင့် တရားမျှတသော တရားစီခွင်မရှိခြင်းတို့က မြန်မာပြည်သူများ၏ မယိမ်းယိုင်သော ဒီမိုကရေစီလိုလားမှုကို စစ်အုပ်စု၏ မထီမဲ့မြင်ပြုမှု ဂရုမစိုက်မှုကို ပြသနေသည်" ဟု ဗြိတိန်အစိုးရက ထုတ်ပြန်လိုက်သည့် G7 နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်ချက်တွင် ပြောထားသည်။
G7 (Group of Seven) အုပ်စုတွင် ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဗြိတိန်၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့ ပါဝင်ကြပြီး ဥရောပသမဂ္ဂကလည်း ထည့်သွင်းရေတွက်ခြင်းမပြုသည့် အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရသည်။
"မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကို ကျွန်ုပ်တို့ အပြင်းထန်ဆုံး အသုံးအနှုန်းများဖြင့် ဆက်လက် ရှုတ်ချသွားမှာဖြစ်ပြီး ထိုနိုင်ငံအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လူသာချင်းစာနာထောက်မှုနှင့် လူ့အခွင့်အရေး အခြေအနေတို့အပေါ် အလေးအနက် စိုးရိမ်ပူပန်ပါသည်" ဟု G7 ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Source: Reuters