ထိုင်းနိုင်ငံတွင် တောင်းရမ်းစားသူ (၃၀) ရာခိုင်နှုန်းမှာ နိုင်ငံခြားသားများဖြစ်ပြီး တစ်လလျှင် ဘတ် (၁၀၀,၀၀၀) အထိ ရနိုင်ဟုဆို
Covid-19 ကာလအလွန် ခရီးသွား လုပ်ငန်း မြှင့်တင်ရန် ကြိုးပမ်းလုပ်ဆောင်နေသည့် ထိုင်းနိုင်ငံတွင် ခရီးသွားနိုင်ငံခြားသား များပြားလာသလို ဘေးထွက်ဆိုးကျိုးအဖြစ် တောင်းရမ်းစားသူလည်း များပြားလာပြီး အထူးသဖြင့် ဘန်ကောက်မြို့နှင့် ပိုကြီးသော ပြည်နယ်များတွင် တောင်ရမ်းစားသူ အရေအတွက် မြင့်တက်လာကြောင်း သိရသည်။
ဘန်ကောက်အာဏာပိုင်များက တောင်းရမ်းစားသောက်မှုများကို အရှိန်အဟုန်မြှင့် နှိမ်နင်းနေပြီး လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာနက Ministry of Social Development and Human Security (MSDHS) က သက်ဆိုင်ရာ ဌာနအသီးသီးနှင့် ပူးပေါင်း၍ ပုံမှန်စစ်ဆေးမှုများ ဆောင်ရွက်နေသည်။
ကနဦး ဆောင်ရွက်မှုတွင် သူတောင်စားများကို တစ်လလျှင် (၅) ကြိမ် ပုံမှန် စစ်ဆေးခြင်း ပါဝင်ပြီး အမြစ်တွယ်နေသော ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်ကြောင်း MSDHS ဝန်ကြီး Varawut Silpa-archa က ဆိုသည်။
၎င်း၏ ပြောကြားမှုအရ ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ်မှစ၍ တောင်းရမ်းစားသူ (၈,၀၀၀) နီးပါး ကို ဖော်ထုတ်ခဲ့ပြီး ၎င်းတို့အနက် (၃၀) ရာခိုင်နှုန်းမှာ နိုင်ငံခြားသားများ ဖြစ်ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များက သူတောင်းစား ပပျောက်ရေး ဆက်လက် ကြိုးပမ်းအားထုတ်နေသော်လည်း ဘန်ကောက်မြို့တွင် တောင်းရမ်းစားသောက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲဟု ဆိုသည်။
ထိုသို့ ဆက်ရှိနေမှုမှာ တောင်းရမ်းစားသူများက ပြည်တွင်းနှင့် ပြည်ပ ခရီးသွားများထံမှ ငွေရနေနိုင်မှုကြောင့်ဟု ဝန်ကြီး Varawut က ပြောသည်။
ထိုင်းနိုင်ငံတွင် တောင်းရမ်းစားသောက်သူများမှာ ၎င်းတို့ကို ချမှတ်သည့် ဘတ် (၁,၀၀၀) မှ ဘတ် (၁၀,၀၀၀) အထိ ဒဏ်ကြေးငွေ ပမာဏထက် သိသိသာသာ ပိုမိုများပြားသော ဝင်ငွေကို ရရှိနေကြကြောင်း ဝန်ကြီးက ထောက်ပြသည်။
"ခရီးသွားရာသီအတွင်း အထူးသဖြင့် လူသိများတဲ့ ခရီးသွား နေရာတွေမှာဆိုရင် တချို့ သူတောင်းစားတွေက တစ်လကို ဘတ် (၁၀၀,၀၀၀) အထိ ရနိုင်တယ်" ဟု ၎င်းက ပြောသည်။
Source: Khaosod, The Thaiger