နိုင်ငံတော်လုံခြုံရေးကိစ္စများတွင် ဖုန်း spyware အသုံးပြုခဲ့ကြောင်း ထိုင်းအစိုးရ ဝန်ကြီး ဝန်ခံ

နိုင်ငံတော်လုံခြုံရေးကိစ္စများတွင် ဖုန်း spyware အသုံးပြုခဲ့ကြောင်း ထိုင်းအစိုးရ ဝန်ကြီး ဝန်ခံ
ဇူလိုင် 21, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံက နိုင်ငံတော်လုံခြုံရေး သို့မဟုတ် မူးယစ်ဆေးဝါးကိစ္စများတွင် လူတစ်ဦးချင်းစီကို ခြေရာခံရန် စောင့်ကြည့်ဆော့ဖ်ဝဲ အသုံးပြုကြောင်း ဝန်ကြီးတစ်ဦးက ဝန်ခံပြောကြားလိုက်သည်။ 

အစ္စရေးနိုင်ငံက ဖန်တီးထားသည့် Pegasus အမည်ရှိ spyware ကို အသုံးပြုပြီး အစိုးရကို ဝေဖန်သူများ၏ ဖုန်းများကို hack လုပ်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေစဥ်အတွင်း ဝန်ကြီးက ထိုသို့ဝန်ခံပြောကြားလိုက်ခြင်းလည်း ဖြစ်သည်။

ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးရာ ဝန်ကြီး Chaiwut Thanakamanusorn က ၎င်းအနေဖြင့် ထိုင်းအာဏာပိုင်များက ကန့်သတ်ကိစ္စရပ်များတွင် spyware သုံးသည်ကို သိရှိထားကြောင်း ဇူလိုင်လ (၁၉) ရက် နှောင်းပိုင်းက လွှတ်တော်တွင် ပြောခဲ့သည်။ 

သို့သော် မည်သည့် အစိုးရဌာနက ထိုကဲ့သို့သော ဆော့ဖ်ဝဲကို အသုံးပြုကြောင်းနှင့် မည်သည့် ဆော့ဖ်ဝဲဖြစ်ကြောင်း သို့မဟုတ် မည်သူတို့ကို ပစ်မှတ်ထားစောင့်ကြည့်ခြင်းကိုမူ ဝန်ကြီးက ထုတ်ဖော်မပြောခဲ့ပေ။

လူ့အခွင့်အရေးအုပ်စုများကမူ ထိုင်းအစိုးရ အစဥ်အဆက်က ၎င်းတို့၏ အဓိက ပြိုင်ဘက်များကို တရားစွဲရန် သို့မဟုတ် ဖိနှိပ်ရန် နိုင်ငံတော်လုံခြုံရေး၏ ကျယ်ပြန့်သော အဓိပ္ပါယ်ဖွင့်ဆိုချက်များကို အကြောင်းပြချက်အဖြစ် အသုံးချနေကြောင်း စွပ်စွဲခဲ့သည်။ 

ထိုင်းအစိုးရကို ဝေဖန်သည့် တက်ကြွလှုပ်ရှားသူ အနည်းဆုံး (၃၀) ဦးကို ၂၀၂၀ ခုနှစ် အောက်တိုဘာလနှင့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း Pegasus spyware သုံးပြီး စောင့်ကြည့်ခဲ့ကြောင်း ထိုင်းလူ့အခွင့်အရေးအုပ်စု iLaw ၊ အရှေ့တောင်အာရှ အင်တာနက်စောင့်ကြည့်အဖွဲ့အစည်း Digital Reach နှင့် ကနေဒါနိုင်ငံ တိုရွန်တိုမြို့အခြေစိုက် Citizen Lab တို့ ပူးတွဲစုံစမ်းစစ်ဆေးမှုက တွေ့ရှိထားသည်။

ထိုင်းနိုင်ငံ အပါအဝင် ထောင်နှင့်ချီသည့် iPhone အသုံးပြုသူများမှာ အစိုးရက ထောက်ပံ့ထားသည့် ဟက်ကာများ၏ ပစ်မှတ်များဖြစ်ခဲ့ကြောင်း  ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း Apple Inc. က သတိပေးချက် အမြောက်အမြား ထုတ်ပြန်ခဲ့ပြီးနောက် ထိုပူးတွဲစုံစမ်းစစ်ဆေးမှု လုပ်ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။ 

ဝန်ကြီး Chaiwut Thanakamanusorn က လွှတ်တော်တွင် ပြောကြားရာ၌ Pegasus အမည်ကို ထည့်မပြောခဲ့သော်လည်း ဖုန်းပြောဆိုမှုကို နားထောင်ရန် သို့မဟုတ် မိုဘိုင်းဖုန်း screen ကို ကြည့်ရှုရန်၊ အပြန်အလှန်ပြောဆိုမှုများနှင့် စာတိုပေးပို့မှုများကို စောင့်ကြည့်ရန် spyware တစ်ခု အသုံးပြုနေသည်ကို သိရှိကြောင်း ဝန်ခံခဲ့သည်။

သို့သော် ဝန်ကြီးဌာနအနေဖြင့် ထိုကဲ့သို့သော ဆော့ဖ်ဝဲအသုံးပြုရန် တရားဝင် အခွင့်အာဏာမရှိကြောင်း ဖြည့်စွက်ပြောခဲ့ကြောင်းနှင့် မည်သည့် အစိုးရဌာနများက ထိုသို့လုပ်ဆောင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိဟု ဆိုသည်။

 "နိုင်ငံတော်လုံခြုံရေး သို့မဟုတ် မူးယစ်ဆေးဝါးကိစ္စတွေမှာ ဒါကို သုံးပါတယ်။ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူကို ဖမ်းဖို့လိုတယ်ဆိုရင် ဖုန်းပြောတာကို နားထောင်ရမှာဖြစ်ပြီး ဘယ်နေရာမှာ အရောင်းအဝယ်လုပ်မလဲဆိုတာ ရှာရပါတယ်" ဟု ဝန်ကြီး Chaiwut Thanakamanusorn က ပြောခဲ့သည်။

၎င်း၏ဝန်ကြီးဌာနက ထိုကိစ္စကို တစ်စုံတရာ သိရှိထားခြင်းမရှိကြောင်း ယခင်က ငြင်းဆိုထားခဲ့သည်။ 

ထို့အတူ ထိုင်းရဲတပ်ဖွဲ့ကလည်း Pegasus ကို စောင့်ကြည့်ရန် သို့မဟုတ် လူတစ်ဦးအတွင်းရေးကို သိရှိရန်အတွက် အသုံးပြုခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ငြင်းဆိုခဲ့သည်။ 

အစိုးရများက ဂျာနယ်လစ်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ဆန့်ကျင်သူများကို ထောက်လှမ်းရန် အစ္စရေးကုမ္ပဏီ NSO Group က ထုတ်လုပ်ထားသည့် Pegasus ကို အသုံးပြုကြကြောင်းနှင့် Apple က ထိုကုမ္ပဏီကို တရားစွဲထားပြီး အမေရိကန်အစိုးရက ကုန်သွယ်မှုဆိုင်ရာ အမည်ပျက်စာရင်းသွင်းထားသည်။

Source: Reuters