ပါကစ္စတန်တွင် မိုးကြိုးမုန်တိုင်းကျစဥ် တောင်ကြားလမ်းကို ဖြတ်သန်းနေသည့် ကုန်တင်ယာဥ်များပေါ်သို့ မြေပြိုကျဖုံးအုပ်သွားပြီး အနည်းဆုံး လူ (၂) ဦး သေဆုံး

ပါကစ္စတန်တွင် မိုးကြိုးမုန်တိုင်းကျစဥ် တောင်ကြားလမ်းကို ဖြတ်သန်းနေသည့် ကုန်တင်ယာဥ်များပေါ်သို့ မြေပြိုကျဖုံးအုပ်သွားပြီး အနည်းဆုံး လူ (၂) ဦး သေဆုံး
By Mr John

 ပါကစ္စတန်တွင် မိုးကြိုးမုန်တိုင်း မိုးထစ်ချုန်းရွာပြီး မိုးကြိုးမုန်တိုင်း ကျရောက်စဥ်အတွင်း နိုင်ငံအနောက်မြောက်ပိုင်းရှိ Khyber တောင်ကြားလမ်းတစ်လျှောက် အဓိက လမ်းမပေါ်သို့ ၂၀၂၃ခုနှစ်  ဧပြီလ (၁၈) ရက်နေ့က ကုန်တင်ယာဥ် (၂၀)ကျော်အပေါ်  မြေပြိုကျ ဖုံးအုပ်သွားမှု ဖြစ်ပွားခဲ့ရဦ အနည်းဆုံး လူ (၂) ဦး သေဆုံးကြောင်းနှင့် ဒါဇင်နှင့်ချီ ပိတ်မိနေနိုင်ကြောင်း အစိုးရအရာရှိများက ပြောသည်။

"ကွန်တိန်နာကား အစီး (၂၀) ကနေ (၂၅)စီး မြေပြိုကျမှုထဲ ဖုံးအုပ်သွားခဲ့တယ်။ မြေပြိုကျမှု အပျက်အစီးတွေက အများကြီးပဲ။ ကျွန်တော်တို့ ကယ်ဆယ်ရေးလုပ်ငန်းကို စက်ယန္တရားကြီးတွေနဲ့ ဆက်လုပ်နေပါတယ်" ဟု Khyber ခရိုင် လက်ထောက်အကြီးအကဲ အဗ္ဗဒူလ်နာဆာခန်းက ဆိုသည်။ 

ကုန်တင်ယာဥ်များပေါ်သို့ မြေပြိုကျမှုအတွင်း အာဖဂန်နစ္စတန်နိုင်ငံသား (၂) ဦး သေဆုံးခဲ့ကြောင်းနှင့် အာဏာပိုင်များက အလောင်းများ ပြန်လည်ရယူရန် ကြိုးပမ်းနေခဲ့ကြကြောင်း ၎င်းကပြောသည်။

မြေပြိုမှုဖြစ်ပွားပြီးနောက် အခြား လူ (၃) ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် သေဆုံးဒဏ်ရာရသူ အရေအတွက် တိုးလာနိုင်ကြောင်းလည်း အဗ္ဗဒူလ်နာဆာခန်းက ဖြည့်စွက်ပြောခဲ့သည်။ 

ဧပြီလ (၁၈) ရက်နေ့၏ နံနက်အစောပိုင်းက ပါကစ္စတန်နှင့် ကုန်းတွင်းပိတ်နိုင်ငံ အာဖဂန်နစ္စတန်ကို ဆက်သွယ်ထားသော အဓိက လမ်းမပေါ်သို့ မြေပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ထိုလမ်းမမှာ တောင်အာရှနိုင်ငံများနှင့် ဗဟိုအာရှဒေသအကြား ကုန်သွယ်ရေးအတွက် အဓိကကျသည့် ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

Source: Reuters

Photo: REUTERS/Fayaz Aziz,