ဂျပန်နိုင်ငံတွင် COVID-19 ကပ်ရောဂါ ဖြစ်ပွားပြီးနောက် (၄) နှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကျင်းပသည့် "crying sumo" ခေါ် ရိုးရာဓလေ့ ကလေးအငို ပြိုင်ပွဲကို ၂၀၂၃ခုနှစ် ဧပြီလ (၂၂)ရက်နေ့က ကျင်းပခဲ့ကြကြောင်း သိရသည်။
အဆိုပါ အငိုပြိုင်ပွဲက နို့စို့အရွယ် ကလေးငယ်များကို ကျန်းမာရေးကောင်းမွန်စေသည်ဟု ရိုးရာဓလေ့ ယုံကြည်မှုရှိကြသည်။
တိုကျိုမြို့ရှိ Sensoji ဘုရားကျောင်းတွင် ကျင်းပပြုလုပ်သည့် အငိုပြိုင်ပွဲတွင် နို့စို့အရွယ် ပြိုင်ပွဲဝင် ကလေးအတွဲများကို ၎င်းတို့၏ မိဘများက ဆူမိုနပန်းသမားများ ဝတ်ဆင်ကြသည့် ရှေ့ဖုံးခါးစည်းအပတ်များ ပတ်ပေးထားကြပြီး ဆူမိုနပန်းကွင်းအတွင်း တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်ပေးထားကြသည်။
ထို့နောက် ပြိုင်ပွဲဝန်ထမ်းများက ကလေးများ ငိုကြွေးစေရန် နတ်ဆိုးမျက်နှာဖုံးများ တပ်ဆင်ပြကြသည်။
"ကလေးလေးတွေရဲ့ ကျန်းမာရေးအခြေအနေကို သူတို့ ငိုတဲ့ပုံစံနဲ့ ငိုသံကို ကြည့်ရှုနားထောင်ပြီး ကျွန်မတို့ ပြောနိုင်ပါတယ်။ ဒီနေ့ သူမ စိတ်ရှုပ်နေတာဖြစ်နိုင်ပြီး သိပ်မငိုဘူး။ ဒါပေမဲ့ သူမရဲ့ ကျန်းမာတဲ့ငိုသံကို ကျွန်မ ကြားချင်တယ်" ဟု အသက် (၈) လအရွယ် ကလေးငယ်၏ မိခင် Hisae Watanabe က AFP သတင်းဌာနကို ပြောခဲ့သည်။
ဂျပန်ရိုးရာဓလေ့ "crying sumo" ကလေးအငိုပြိုင်ပွဲကို မိဘများနှင့် ကြည့်ရှုသူများ ပျော်ရွှင်စေရန် ဂျပန်နိုင်ငံတဝန်းရှိ အထွတ်အမြတ်နေရာများနှင့် ဘုရားကျောင်းများတွင် ကျင်းပလေ့ရှိသည်။
အချို့လူများကမူ ကလေးများကို ငိုကြွေးစေရန် လုပ်ခြင်းက ဆိုးဝါးသည်ဟု ထင်မြင်နိုင်ကြောင်း ကလေးအငိုပြိုင်ပွဲ စီစဥ်သည့် Asakusa ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ဥက္ကဌ Shigemi Fuji က ပြောသည်။
"ဒါပေမဲ့ ဂျပန်မှာကတော့ အငိုသန်တဲ့ ကလေးက ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာတယ်လို့ ကျွန်တော်တို့ ယုံကြည်ကြပါတယ်။ ဒီလိုပွဲမျိုးကို ဂျပန်မှာ နေရာအများအပြားမှာ ကျင်းပကြတယ်" ဟု ၎င်းကဆိုသည်။
တိုကျိုမြို့ရှိ Sensoji ဘုရားကျောင်းတွင် ကျင်းပပြုလုပ်သည့် ကလေးအငိုပြိုင်ပွဲတွင် နို့စို့အရွယ် ကလေးငယ် (၆၄) ဦး ပါဝင်ယှဥ်ပြိုင်ကြကြောင်း သိရသည်။
ပြိုင်ပွဲစည်းမျဥ်းများမှာ နယ်မြေဒေသအလိုက် ကွဲပြားခြားနားပြီး အချို့နေရာများတွင် မိဘများက ၎င်းတို့၏ ကလေးများကို ပထမဆုံး ငိုကြွေးစေလိုကြသည်ဟု ဆိုသည်။
အခြား နေရာများတွင်မူ ပထမဆုံး ငိုကြွေးသည်ကလေးမှာ ပြိုင်ပွဲတွင် ရှုံးနိမ့်သူအဖြစ် သတ်မှတ်ကြသည်။
Source: AFP
Photo: Philip Fong/AFP,