ဩစတြေးလျဝန်ကြီးချုပ်သစ် ဖြစ်လာမည့် အန်တိုနီ အယ်လ်ဘာနက်ဆီ

အန်တိုနီ အယ်လ်ဘာနက်ဆီ  ၊ Photo: GETTY IMAGES,
အန်တိုနီ အယ်လ်ဘာနက်ဆီ ၊ Photo: GETTY IMAGES,
ဩစတြေးလျဝန်ကြီးချုပ်သစ် ဖြစ်လာမည့် အန်တိုနီ အယ်လ်ဘာနက်ဆီ
By Mr John

 မေလ (၂၁) ရက်နေ့က ကျင်းပြုလုပ်ခဲသည့် ဩစတြေးလျနိုင်ငံ ရွေးကောက်ပွဲတွင် အတိုက်အခံ လေဘာပါတီ (Labor Party) က ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပထမဆုံးအကြိမ် အနိုင်ရရှိခဲ့ပြီး လက်ရှိဝန်ကြီးချုပ် စကော့မော်ရစ်ဆင် ဦးဆောင်သော ကွန်ဆာဗေးတစ် လစ်ဘရယ်-နေရှင်နယ် (Liberal-National) ညွှန့်ပေါင်းအုပ်စု၏ ၂၀၁၃ ခုနှစ်ကတည်းက အာဏာရရှိထားမှုကို အဆုံးသတ်သွားစေခဲ့သည်။ 

ရွေးကောက်ပွဲအနိုင်ရ အတိုက်အခံ လေဘာပါတီကို ဦးဆောင်သူ အန်တိုနီ အယ်လ်ဘာနက်ဆီမှာ ဩစတြေးလျ၏ သက်တမ်းအရှည်ကြာဆုံး နိုင်ငံရေးသမားများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။



ရွေးကောက်ပွဲအနိုင်ရမှုနှင့် အတူ မစ္စတာအယ်လ်ဘာနက်ဆီက ဝန်ကြီးချုပ်သစ် ဖြစ်လာမည်ဖြစ်ပြီး လေဘာပါတီ အစိုးရအဖွဲ့သစ်ကို ဩစတြေးလျတွင် မြင်တွေ့လာရမည်။

ယခု ရွေးကောက်ပွဲမတိုင်မီ စစ်တမ်းများအရ ဩစတြေးလျတွင် အစိုးရအပြောင်းအလဲ ဖြစ်လာနိုင်ပြီး အယ်လ်ဘာနက်ဆီ၏ လေဘာပါတီက အာဏာရလာနိုင်ကြောင်း ခန့်မှန်းထားခဲ့ကြရာ ထိုခန့်မှန်းချက်များအတိုင်း ဖြစ်လာခဲ့သည်။

အယ်လ်ဘာနက်ဆီက ဘေးကင်းသော အပြောင်းအလဲကို မဲဆန္ဒရှင်တွေကို ကတိပြုထားသည်ဟု ဆိုသည်။



အယ်လ်ဘာနက်ဆီဆိုတာ

မစ္စတာအယ်လ်ဘာနက်ဆီမှာ ဩစတြေးလျ၏ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ခုခံကာကွယ်သူအဖြစ် ဂုဏ်သတင်းကောင်းရှိသူ၊ LGBT လူမှုအသိုင်းအဝိုင်းအတွက် ထောက်ခံအားပေးသူ၊ ရီပတ်ဘလစ်ကင်တစ်ဦးနှင့် ရတ်ဘီဘောလုံးကစားနည်း အရူးအမူး ခုံမင်နှစ်သက်သည့် ပရိသတ်တစ်ဦးအဖြစ် လူသိများသည်။

အသက် (၅၉) နှစ်အရွယ်ရှိပြီး နာမည်ပြောင် အယ်လ်ဘိုဟု ခေါ်ကြသော အယ်လ်ဘာနက်ဆီမှာ ငယ်စဥ်က အစိုးရအိမ်ရာတစ်ခုတွင် နေထိုင်ခဲ့ပြီး single mother ဖြစ်သူ မိခင်က မသန်စွမ်းပင်စင်လစာဖြင့် ပြုစုပျိုးထောင်ပေးခဲ့သည်။



၎င်း၏ကြီးပြင်းလာရမှု အခြေအနေက ၎င်း၏ တိုးတက်ပြောင်းလဲရေး ယုံကြည်မှုများအတွက် အခြေခံအုတ်မြစ်ဖြစ်သည်ဟု အယ်လ်ဘာနက်ဆီက မကြာခဏ ကိုးကားပြောလေ့ရှိသည်။



လွှတ်တော်အမတ်အဖြစ် (၂၅) နှစ်ကြာ

မစ္စတာ အယ်လ်ဘာနက်ဆီက လေဘာပါတီခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့မှုမှာ သုံးနှစ်ရှိပြီ ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် ပါတီခေါင်းဆောင်နေရာအတွက် ယှဥ်ပြိုင်ရွေးချယ်ခံခဲ့ရာ Bill Shorten အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် အယ်လ်ဘာနက်ဆီက ခေါင်းဆောင်ဖြစ်လာခဲ့ပြီး ၎င်းသည် အသက် (၂၀) ကျော်အရွယ်ကတည်းကပင် လေဘာပါတီ၏ အားထားရသူတစ်ဦး ဖြစ်ခဲ့သည်။

အယ်လ်ဘာနက်ဆီက ၁၉၉၆ ခုနှစ်တွင် လွှတ်တော်အမတ်အဖြစ် ရွေးကောက်မခံရမီကလည်း ပြည်ထောင်စုနှင့် ပြည်နယ် နိုင်ငံရေးကိစ္စများကို လုပ်ကိုင်ခဲ့သူဖြစ်သည်။

၂၀၀၇ ခုနှစ်တွင် လေဘာပါတီ အာဏာရခဲ့ပြီး ကီဗင်ရုဒ်က ဝန်ကြီးချုပ်ဖြစ်ခဲ့စဥ် အယ်လ်ဘာနက်ဆီက အခြေခံအဆောက်အအုံနှင့် ပို့ဆောင်ရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

ထို့နောက် ၂၀၁၀ ခုနှစ်တွင် လေဘာပါတီက ကီဗင်ရုဒ်၏ ဝန်ကြီးချုပ်နေရာကို ဂျူလီယာဂီလ်လတ်နှင့် အစားထိုးခဲ့ပြီးနောက်တွင်လည်း အယ်လ်ဘာနက်ဆီမှာ ပါတီတွင် ဩဇာရှိသူတစ်ဦးအဖြစ် ဆက်ရှိနေခဲ့သည်။



၂၀၁၃ ခုနှစ်တွင် ကီဗင်ရုဒ်က ဝန်ကြီးချုပ်ပြန်ဖြစ်လာချိန်တွင် မစ္စတာအယ်လ်ဘာနက်ဆီကို ဒုတိယဝန်ကြီးချုပ်အဖြစ် ရာထူးတိုးမြှင့်ခဲ့သည်။

သို့သော် လေဘာပါတီ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ရာ အယ်လ်ဘာနက်ဆီ၏ လက်ထောက်ဝန်ကြီးချုပ်သက်တမ်းမှာ သီတင်းပတ် (၁၀) ပတ်မျှသာ ကြာခဲ့သည်။

ထို့နောက် အယ်လ်ဘာနက်ဆီက လေဘာပါတီကို ဦးဆောင်မည်ဟု ကိုယ်တိုင် အဆိုပြုခဲ့သည်။



အယ်လ်ဘာနက်ဆီမှာ ပါတီတွင်း သာမန်ပါတီဝင်များကြား ရေပန်းစားသော်လည်း ပြိုင်ဘက် Bill Shorten ကို လွှတ်တော်အမတ်များက ပိုမိုထောက်ခံကြမှုနှင့်အတူ ၎င်းက အတိုက်အခံ လေဘာပါတီခေါင်းဆောင် ဖြစ်လာခဲ့သည်။

 နောက်ဆုံးတွင်မူ အယ်လ်ဘာနက်ဆီ၏ အချိန်ရောက်လာခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် လေဘာပါတီခေါင်းဆောင် ဖြစ်လာကာ  Bill Shorten မှာ ရွေးကောက်ပွဲနှစ်ခုတွင် ရှုံးနိမ့်ခဲ့ပြီး လေဘာပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်သွားခဲ့ရာ အယ်လ်ဘာနက်ဆီက ပါတီခေါင်းဆောင် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။



ဩစတြေးလျ၏ ဝန်ကြီးချုပ်သစ်

မစ္စတာအယ်လ်ဘာနက်ဆီက လေဘာပါတီ၏ လက်ဝဲအုပ်စု ဦးဆောင်အသံထွက်သူ ဖြစ်ခဲ့သော်လည်း ပါတီခေါင်းဆောင်ဖြစ်လာပြီးနောက် ၎င်း၏ရပ်တည်ချက်ကို အလယ်အလတ်ဘက်သို့ ပိုရောက်စေခဲ့သည်။

အယ်လ်ဘာနက်ဆီက ပိုမိုပြင်းထန်သည့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒများကို အားပေးထောက်ခံပြီး တရုတ်နိုင်ငံနှင့် အမျိုးသားလုံခြုံရေးကိစ္စရပ်တွေအပေါ် ပိုမိုတင်းမာသော ပြောဆိုမှုများရှိခဲ့သည်။



အယ်လ်ဘာနက်ဆီသည် တစ်ချိန်တုန်းက ၎င်းကိုယ်တိုင် လူသိရှင်ကြား ဆန့်ကျင်ကန့်ကွက်ခဲ့သည့် စက်လှေများဖြင့် ရောက်ရှိလာသော ခိုလှုံခွင့်ရရန် ကြိုးပမ်းသူအားလုံးကို နေရပ်ပြန်ပို့မည့် ဩစတြေးလျ၏ အငြင်းပွားဖွယ် မူဝါဒကိုလည်း ထောက်ခံခဲ့သည်။

အယ်လ်ဘာနက်ဆီက နိုင်ငံ၏ ဒုက္ခရောက်နေသော သက်ကြီးရွယ်အိုစောင့်ရှောက်ရေးကဏ္ဍ၊ အကုန်အကျသက်သာသည့် ကလေးစောင့်ရှောက်မှုနှင့် ကုန်ထုတ်လုပ်ရေးလုပ်ငန်း ပြန်လည်ကောင်းမွန်လာရေးတို့တွင် အသုံးစရိတ် ကြီးကြီးမားမား သုံးစွဲမည်ဟု ကတိပြုထားသည်။



Source: BBC, CNN