ပခုက္ကူခရိုင်တွင် အစီးရေ (၇၀) ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းအား ဒရုန်းဖြင့် တိုက်ခိုက်

ပခုက္ကူခရိုင်တွင် အစီးရေ (၇၀) ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းအား ဒရုန်းဖြင့် တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်မှ ထွက်ခွာလာသည့် အစီးရေ (၇၀) ခန့်ပါရှိသည့် စစ်ကောင်စီယာဉ်တန်းအား အီနာဂါ ဗုံးသီး အကြီး (၁၀) လုံးခန့်ဖြင့် ဧပြီလ (၁၈)ရက်နေ့ ညနေ(၅)နာရီခန့်မှစတင်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂ (Young Force-UG)မှ သတင်းထုတ်ပြန်သည်။

ထို့နောက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ အဆိုပါယာဉ်တန်းအား (၆၀)မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီနှင့် ပျူစောထီး (၇) ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဧပြီလ (၁၉)ရက်နေ့ နေ့လယ်(၂)နာရီခန့်တွင်လည်း မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ညောင်ဂျစ်ပင်နှင့် ကန်တော်ရွာကြားသို့ မိုင်းရှင်းလင်းရေး ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မဟာမိတ်တပ်ဖွဲ့များမှ မိုင်းပွိုင့် (၂)ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး နေရာတွင် လဲကျသွားပြီး ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များလည်း ဒဏ်ရာရရှိသွားသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုများအား မြိုင်ပကဖ၊ Black Cobra၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂ (PKU Thurein)၊ DMG ဓါးမင်းကြီး အဖွဲ့၊ပခုက္ကူခရိုင် တပ်ခွဲ-၁၀၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -၂ (Young Force - UG)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency