စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ABSDF ထံ အလင်းဝင်

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ABSDF ထံ အလင်းဝင်

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (  ABSDF) ထံသို့ စစ်ကောင်စီ၏ တပ်မ (၁၀၁) လက်အောက်ခံ ခလရ (၂၃၅) မှ တပ်သား တစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်လာကြောင်း ABSDF အမှတ်(၂)စစ်ကြောင်း၏ ဧပြီလ (၁၀)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည် ။

 

MA-1 သေနတ် (၁) လက်၊ ကျည် (၁၂၀) နှင့်အတူ  ABSDF ထံ အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားအား ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး ဘေးကင်းရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည် ။

အဆိုပါ စစ်ကောင်စီတပ်သားသည် ၎င်းတို့တပ်ဖွဲ့မှ စစ်သားများ၏  လမ်းသွားလမ်းလာ ပြည်သူများကို အနိုင်ကျင့်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းနှင့် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းများ ၊ အထက်အရာရှိများနှင့် တပ်ဖွဲ့အတွင်းရှိ တခြားသော စစ်သားများမှ ၎င်းအား အနိုင်ကျင့်ခြင်း ၊ ဆဲဆိုကြိမ်းမောင်းခြင်း၊ ထိုးကြိတ်ရိုက်နှက်ခြင်း နှင့် နှိမ့်ချခွဲခြား ဆက်ဆံခံရခြင်းများကြောင့် ပြည်သူလူထုနှင့် တသားတည်း ရပ်တည်လိုသဖြင့် ABSDF တာဝန်ရှိသူများထံသို့ ဆက်သွယ်ကာ ၂၀၂၄ခုနှစ် မတ်လ (၃၀) ရက်နေ့က ထွက်ပြေးခိုလှုံလာခဲ့ခြင်းဖြစ်သည်ဟုဆိုသည် ။

 All Burma Students' Democratic Front - ABSDF သည် ပြည်သူ့ဖက်မှ ရပ်တည်လိုသည့် စစ်အာဏာရှင်စနစ်ကို တော်လှန်လိုသော  စစ်ကောင်စီ တပ်သားများစွာကို ကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

Photo: ABSDF