ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီတပ်သား စခန်းစွန့်ထွက်ပြေးသဖြင့် မြို့ကိုတော်လှန်ရေးတပ်များ ထိန်းချုပ်

ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီတပ်သား စခန်းစွန့်ထွက်ပြေးသဖြင့် မြို့ကိုတော်လှန်ရေးတပ်များ ထိန်းချုပ်

ကရင်ပြည်နယ် ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်များ စခန်းစွန့်ခွာထွက်ပြေးသွားသဖြင့် ကရင်အမျိုးသားအစည်းအရုံး(KNU)က မြို့ကိုထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း KNU တပ်မဟာ(၅)ထံမှ သိရသည်။

မြို့တောင်ဖက်တွင် အခြေချသည့် စစ်ကောင်စီတပ်၏ စဗခ(၁) ရတခ လက်အောက်ခံ တပ်ရင်းအားလုံး စခန်းတည်ရှိရာ မယ်တရိုး၊ ဝေနောင်၊ တံခွန်တိုင်နှင့် ဝေဆာဆက်သွယ်ရေးလမ်းများအားလုံးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားကြောင်း မတ်လ(၂၅)ရက်နေ့က ထုတ်ပြန်ပြီးနောက် (၃)ရက်အကြာတွင် စစ်ကောင်စီတပ်များ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။  

“စစ်ကောင်စီတပ်တွေ တပ်ရင်းဌာနချုပ်နဲ့ ဗျူဟာကုန်းကိုသွားစုနေကြတယ်။ ဗျူဟာကုန်းက ဖာပွန်မြို့နဲ့ဆို (၃)မိုင်လောက်ဝေးတယ်။ အခုက ဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ပစ်နေတာတွေနဲ့ ပြောက်ကျားတိုက်ပွဲတွေတော့ ရှိသေးတယ်။ မြို့တွင်းပိုင်းမှာတော့ တော်လှန်ရေးတပ်တွေ နေရာယူထားပြီးပြီ။”ဟု တပ်မဟာ(၅)မှ ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။

ဖာပွန်မြို့ရှိ စစ်ကောင်စီတပ်စခန်းများအား ဝိုင်းရံပိတ်ဆို့ဖြတ်တောက်မှု၏ အဓိကစစ်ဆင်ရေးသည် ပြီးခဲ့သည့် ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလအတွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဗဟိုဌာနချုပ်၏ ထုတ်ပြန်ချက်ပါ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်များ လာရောက်ကာ နယ်မြေချဲ့ထွင်စိုးမိုးမှုအားလုံး ပြန်လည်ရုတ်သိမ်းရန်နှင့် ထုတ်ပြန်ချက်အား လိုက်နာဆောင်ရွက်ခြင်းမရှိပါက တိုက်ခိုက်မောင်းထုတ်ရမည်ဆိုသည့် ထုတ်ပြန်စာ၏ နောက်ဆက်တွဲ အရေးယူဆောင်ရွက်မှုဖြစ်သည်ဟု KNUက ဆိုထားသည်။

ထို့ကြောင့် ဖာပွန်မြို့အခြေစိုက်တပ်ရင်းများနှင့် တနိုင်ငံလုံး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် အမှတ်(၅)တပ်မဟာနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်အချို့များမှ စစ်ကောင်စီ၏ ဖာပွန်မြို့အခြေစိုက် တပ်စခန်းများ၏ ဆက်သွယ်ရာ လမ်းများအားလုံးကို ဖြတ်တောက်ထားခြင်းဖြစ်ကာ စစ်ကောင်စီ၏ ဖာပွန်မြို့အခြေစိုက် တပ်ရင်းများအလုံးစုံ ထွက်ခွာသွားရန် ဖိအားပေးလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ 

စစ်ကောင်စီတပ်၏ လမ်းကြောင်းများ စတင်ပိတ်ဆို့မှု မပြုမီကတည်းကပင် စစ်ကောင်စီတပ်သည် ဖာပွန်မြို့တွင်းရှိ ရပ်ကွက်များနှင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာများပေါ်သို့ လေယာဥ်ဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးများဖြင့်သော်လည်းကောင်း နေ့စဥ်ပစ်ခတ်မှုကြောင့် မြို့တွင်းနှင့် ရပ်ကွက်နေပြည်သူများ ထောင်ချီထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

#TachileikNewsAgency