KIA ထိုးစစ်ကိုကြောက်ပြီး မြစ်ကြီးနား မပခ ဌာနချုပ်မှ စစ်မေများအား ကင်းစောင့်ခိုင်းသည့်အပြင် ကတုတ်ကျင်းနှင့် ဆက်သွယ်ရေးမြောင်းများလည်း တူးခိုင်းနေ

KIA ထိုးစစ်ကိုကြောက်ပြီး မြစ်ကြီးနား မပခ ဌာနချုပ်မှ စစ်မေများအား ကင်းစောင့်ခိုင်းသည့်အပြင် ကတုတ်ကျင်းနှင့် ဆက်သွယ်ရေးမြောင်းများလည်း တူးခိုင်းနေ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ်(မပခ)တွင် အမျိုးသမီးစစ်မေများအား ခြံစည်းရိုးပတ်လည် ကတုတ်ကျင်းများတူးခိုင်းကာ လုံခြုံရေးစောင်းခိုင်းရသည်အထိဖြစ်နေကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။

ကချင်လွတ်လပ်ရေးတပ်တော်(KIA)၏ ထိုးစစ်ဆင်မှုကို ကြောက်လန့်နေသဖြင့် မြစ်ကြီးနားမြို့ရှိ မြောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်(မပခ)တွင် ကတုတ်ကျင်းများ၊ ဆက်သွယ်ရေးတူးမြောင်းများကို အမျိုးသမီးများကို တူးခိုင်းနေသည့်အပြင် လုံခြုံရေးကိုလည်း အမျိုးသမီးများအား စောင့်ခိုင်းနေသည်ဟု သိရသည်။

“မပခ စစ်ဌာနချုပ် ကင်းတွေမှာ အရင်က သက်ကြီးပိုင်းတွေစောင့်တာ မနေ့ညနေကစပြီး အမျိုးသမီးတွေ စောင့်ရပြီ။ မြေကို ဘက်ဟိုးနဲ့ (၅ပေ ၆ပေ)အနက် (၅)ပေအကျယ် မြောင်းတွေတူးနေတယ် လောလောဆယ်တော့ မြဝတီရုပ်သံ ထပ်ဆင့်လွှင့်ရုံနဲ့ ဘေးက တပ်တခုစာပြီးပြီ။”ဟု တပ်တွင်း သတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

မြောက်ပိုင်းတိုင်း တိုင်းစစ်ဌာနချုပ်(မပခ)သည် ပမ္မတီး - မြစ်ကြီးနား - မန္တလေးအမြန်လမ်း ရွှေလမ်းမဘက်ခြမ်းတွင်ရှိပြီး ယင်းအနီးတွင် အမြောက်တပ်၊ ထောက်ပို့တပ်၊ BE တပ်၊ လေတပ်၊ သံချပ်ကာတပ်၊ လားတပ်၊ ဆေးတပ်၊ ခြေလျင်၊ ခြေမြန်တပ်များလည်း ရှိသည်။

“အစက ကတုတ်ကျင်းတွေပဲ တူးထားတာ။ အခုက KIA ထိုးစစ်ကိုကြောက်လို့တဲ့ မြောင်းကြီးတွေပါ ထပ်တူးနေရတာ။ ကင်းစောင့်တဲ့အမျိုးသမီးတွေက စစ်ဆေးရေးအတွက် မဟုတ်ဘူးလေ။ တပ်တွေရဲ့ ခြံစည်းရိုးတွေမှာ ကင်းတွေရှိတယ်လေ။ အဲဒါတွေမှာ အမျိုးသမီး အိမ်ထောင်သည်တွေ ကင်းစောင့်ရပြီ။ ကင်းတစ်ခုကို အပြင်မှာ ရှိတာက (၅)ယောက်နှုန်းပဲ။”ဟု တပ်တွင်းသတင်းအရင်းအမြစ်က ဆက်ပြောသည်။

အဆိုပါတပ်များမှ အမြောက်တပ်သည် KIAနှင့် တိုက်ပွဲပြင်းထန်နေသည့် မြစ်ကြီးနား တဖက်ကမ်းရှိ ဝိုင်းမော်မြို့ကို လက်နက်ကြီးနှင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“အဓိက ပစ်နေတာက အမြောက်တပ်နဲ့ သံချပ်ကာတပ်။ လေတပ်နဲ့ သံချပ်ကာတပ်က ပစ်ရင် တခါပစ် (၂)ချက် ဆက်တိုက်ဆင့် (၂)တပ်လုံးတပြိုင်တည်း ပစ်ရင် (၄)ချက်။ ၂၄ နာရီမှာ ထမင်းစားနားချိန်ပဲနားတယ်။ ပြီးခဲ့တဲ့ အပတ်က KIA က အဝကြိတ်မိထားတာလေ။ ကြောက်ပြီပေါ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ(၁၈)ရက်နေ့က KIAသည် မြစ်ကြီးနားလေတပ်စခန်းနှင့် အနီးရှိတပ်များကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လူနေရပ်ကွက်များဘက်သို့ လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် ပမ္မတီး၊ ရွှေအိုက်ရပ်ကွက်၊ အထက်မော်ဖောင်း၊ ရှဒေါင်ရွာတို့တွင် လက်နက်ကြီးကျကာ ဒေသခံ (၃)ဦး သေဆုံးပြီး ဒဏ်ရာရသူများရှိခဲ့သည်။

မြစ်ကြီးနားမြို့ တဖက်ကမ်း ဝိုင်းမော်မြို့ရှိ စစ်ကောင်စီတပ် ခမရ (၃၂၁)ကို မေလ (၂၁)နေ့ရက်တွင် KIAက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အဆိုပါတပ်ရင်းမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခလရ(၅၈)တွင် ပူးပေါင်းနေခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ဝိုင်းမော်မြို့တွင် ခလရ (၅၈ )သည် တစ်ခုတည်းကျန်သော စစ်ကောင်စီတပ်ရင်းဖြစ်သည်။

#TachileikNewsAgency