NCA အဖွဲ့များ LDU အမည်ကို ဆက်လက်ထည့်သွင်းခြင်းမပြုရန် LDU ဗဟိုကော်မတီက သတိပေး

NCA အဖွဲ့များ LDU အမည်ကို ဆက်လက်ထည့်သွင်းခြင်းမပြုရန် LDU ဗဟိုကော်မတီက သတိပေး

အပစ်ရပ်လက်မှတ်ထိုးထားသည့် NCA အဖွဲ့များ လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)အမည်ကို ဆက်လက်ထည့်သွင်းခြင်းမပြုရန် LDU ဗဟိုကော်မတီက ၂၀၂၄ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် သတိပေးထုတ်ပြန်လာသည်။

LDU သည် အကြမ်းဖက်စစ်ကောင်စီမှ အာဏာသိမ်းထားခြင်း အဆုံးသတ်စေရေးအတွက် တော်လှန်ရေးတိုက်ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်လက်ကိုင်အဖွဲ့အစည်းများ၊ အစုအဖွဲ့များနှင့်အတူ တိုက်ပွဲဝင်နေသည်ဟု ထုတ်ပြန်ထားသည်။

တော်လှန်ရေးကာလအတွင်း NCAs-EAOမှ အစည်းအဝေးကမကထပြုလုပ်နေသော ခေါင်းဆောင်များနှင့် LDUမှ ထုတ်ပယ်ထားပြီးဖြစ်သည့် ကျဆော်လမွန်တို့အား LDU အမည် ဆက်လက်ပါဝင်ထည့်သွင်းခြင်း မပြုလုပ်ရန် ထပ်မံသတိပေးထားသည်။

LDU သည် လားဟူလူမျိူများအတွက် တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းခြင်းအဆုံး သတ်ရေးနှင့် မြန်မာနိုင်ငံ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးလုပ်ငန်းများကိုသာ ဦးတည်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် မတ်လ(၁၈)ရက်နေ့က NCAs-EAOတို့၏ မျက်နှာစုံညီအစည်းအဝေး၏ ထုတ်ပြန်ကြေညာချက်၌ တက်ရောက်သည့် အဖွဲ့အစည်းအမည်တွင် LDU ပါဝင်နေသည်ကိုတွေ့ရသဖြင့် ၎င်းအစည်းအဝေးသို့ LDU တက်ရောက်ခြင်းမရှိကြောင်းနှင့် ကျဆော်လမွန်နှင့် အပေါင်းအပါများသည် LDU မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

ကျဆော်လမွန်အား ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် LDU ဗဟိုကော်မတီမှ ၎င်းတာဝန်ယူထားသော လုပ်ငန်းတာဝန်နှင့် ရာထူးများအား ရပ်စဲစာထုတ်ပြန်ပြီးဖြစ်သည်ဟုလည်း သိရသည်။

LDU အမည်အသုံးမပြုရန် အကြိမ်ကြိမ်သတိပေးပြောဆိုခဲ့သော်လည်း ယနေ့အချိန်ထိ LDU အမည်အား အလွဲသုံးစားပြုလုပ်၍ စစ်ကောင်စီနှင့် ပူးပေါင်းခြင်း၊ NCAs-EAO ဆွေးနွေးပွဲများတက်ရောက်နေခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency