မင်းလှမြို့နယ်တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပြီးနောက် ဟိုင်းယုရွာကို မီးရှို့ဖျက်ဆီး၊ ပြည်သူ့ကာကွယ်ရေးတပ်၏ လက်နက်များဆုံးရှုံး

မင်းလှမြို့နယ်တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပြီးနောက် ဟိုင်းယုရွာကို မီးရှို့ဖျက်ဆီး၊ ပြည်သူ့ကာကွယ်ရေးတပ်၏ လက်နက်များဆုံးရှုံး

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး မီးရှို့နေသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်၏ လက်နက်များ ဆုံးရှုံးခဲ့ရကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)ထံမှ သိရသည်။

မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ဟိုင်းယုကျေးရွာအနီး၌ ၂၀၂၄ခုနှစ် မတ်လ (၇)ရက်နေ့မှ (၁၀)ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာသွားသဖြင့် မတ်လ(၁၂)ရက်နေ့တွင် စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ပြန်လည်ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ (၁၃)ရက်နေ့တွင် ဟိုင်းယုကျေးရွာ မူလွန်ကျောင်းကို စစ်ကောင်စီတပ်က ဒရုန်း(၄)စီးဖြင့် ဗုံးကြဲခဲ့ပြီး မတ်လ(၁၅)ရက်နေ့တွင် ဟိုင်းယုကျေးရွာတောစပ်တွင် စစ်ကောင်စီတပ်နှင့် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ (၅)တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် လက်နက်အင်အားမမျှသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များ တပ်ဆုတ်ပေးခဲ့ရပြီး ၄၀ မမ (၂)လက်၊ (၄၀)မမ သေနတ်ပြောင်း (၄)ခု၊ လက်လုပ်သေနတ်(၂၃)လက်၊ စကားပြောစက်တစ်လုံးနှင့် ဆိုင်ကယ်(၂)စီးတို့ ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။

မတ်လ (၁၃)ရက်နေ့မှ မတ်လ (၁၇)ရက်နေ့အထိ ဟိုင်းယုကျေးရွာအား စစ်ကောင်စီတပ်က ဒရုန်းများဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့်ပစ်ခတ်ခြင်းတို့ကြောင့် မူလွန်ကျောင်းတစ်ကျောင်း၊ ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် နေအိမ်(၁၁၀)လုံး မီးလောင် ပျက်စီးသွားသည်ဟု သိရသည်။

မတ်လ(၁၇)ရက်နေ့တွင် မီးလောင်သွားသည့် ဟိုင်းယုကျေးရွာအစပ်ရှိ သစ်တောများအတွင်းသို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်နှင့်လာကာ စက်သေနတ်ဖြင့် ပစ်ခတ်သွားပြီးနောက် စစ်ကောင်စီတပ်များ ဟိုင်းယုကျေးရွာမှ ဆုတ်ခွါသွားသည်ဟု သိရသည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅