ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း ပြည်သူ့ကာကွယ်ရေးတပ်များသိမ်းပိုက်၊ အ‌လောင်း (၁၂)လောင်းနှင့် လက်နက်(၁၂)လက်ရ

ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း ပြည်သူ့ကာကွယ်ရေးတပ်များသိမ်းပိုက်၊ အ‌လောင်း (၁၂)လောင်းနှင့် လက်နက်(၁၂)လက်ရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်း တပ်စခန်းကို ယမန်နေ့ ၂၀၂၄ခုနှစ် မတ်လ (၂)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား အများအပြားသေကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသထံမှ သိရသည်။

အမှတ်(၃၄) ဗျူဟာစစ်ဆင်ရေးမှူး ဗိုလ်စီဝမ်း ဦးဆောင်ပြီး တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၁)၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၂)နှင့် (ပကဖ) ဥဩစစ်ကြောင်းတို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်သား(၁၂)ဦးနှင့် ပျူစောထီးအဖွဲ့ထိုင်သော အဆိုပါတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေတာက (၁၂)ဦး၊ အလောင်းရတာလေ။ လက်နက်က(၁၂)လက်၊ ထွက်ပြေးသွားတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သား နည်းနည်းပါးပါးရှိတယ်။”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က Mi-2 အမျိုးအစားရဟတ်ယာဥ်ကို အသုံးပြုပြီး (၃)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။

တနင်္သာရီတိုင်းရှိ တော်လှန်ရေးတပ်ပေါင်းစုများသည် စစ်ကောင်စီတပ်သားများ အခြေစိုက်ရာစခန်းများကို အဆက်မပြတ်တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် မည်သည့်နေရာမှ လုံခြုံစွာနေထိုင်နိုင်ခြင်းမရှိစေရန် ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency