တမူးမြို့နယ်အတွင်း ကမ္ဘာလုံးစေတီရှိ ရှမ်းနီတပ် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်

 တမူးမြို့နယ်အတွင်း ကမ္ဘာလုံးစေတီရှိ ရှမ်းနီတပ် စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်
ဖေဖော်ဝါရီ 28, 2024 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်နှင့် တမူးမြို့နယ်ကြား ကမ္ဘာလုံး‌စေတီရှိ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းနေသော ရှမ်းနီ(SNA)တပ်ဖွဲ့၏ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း People's Defence Force (ပြည်သူ့ကာကွယ်ရေးတပ်မတော်)၏ အမှတ်(၁)စစ်ဒေသက ဧပြီလ(၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။ 

ရှမ်းနီအမျိုးသားတပ်မတော်(SNA)စစ်ကြောင်းမှူး ဝင်းကို ဦးစီးသည့် တပ်မဟာ(၈၉၁) (တပ်ရင်း-၂) အင်အား (၆၀)ဝန်းကျင်ရှိ အဆိုပါ တပ်စခန်းကို ပြည်သူ့ကာကွယ်‌ရေးတပ်များက ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၅) ရက်မှ (၂၆)ရက်အထိ တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်ကလည်း Mi 2 တစ်စီးဖြင့် (၂)ကြိမ်ဗုံးကြဲ၍ ပစ်ကူပေးခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲအတွင်း SNA ဘက်က (၄)ဦးသေဆုံးပြီး ၎င်းတို့၏ M-22 တစ်လက်၊ G-3 (၄)လက်၊ G-3 ကျည် (၆၇၅)တောင့်၊ (၇.၆၂)  ကျည် (၂၃၅)တောင့်၊ (၅.၅၆)ကျည် (၁‌၇‌၂‌)တောင့်၊ နင်းမိုင်းတစ် လုံး၊ ကတ်သီး (၃)ခု၊ M-22 ကျည်အိမ် (၂)ခု၊ G-3 ကျည်အိမ် (၁၀)ခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

SNA အခြေပြုစခန်းအား တမူးခရိုင်ကွပ်ကဲရေး၊ တမူးခရိုင်တပ်ရင်းများနှင့် KNA(B) ပူးပေါင်းအဖွဲ့က သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Photo: မှတ်(၁)စစ်ဒေသ