ကလေးတက္ကသိုလ်မှ ဆရာ၊ ဆရာမနှင့် ကျောင်းသား (၁၀၀)ကျော်ကို ဖမ်းဆီးခြင်းမရှိဘဲ ဘေးလွတ်ရာကို ပြောင်းရွေ့ပေးထားခြင်းသာရှိဟု တော်လှန်ရေးတပ်များပြောဆို

ကလေးတက္ကသိုလ်မှ ဆရာ၊ ဆရာမနှင့် ကျောင်းသား (၁၀၀)ကျော်ကို ဖမ်းဆီးခြင်းမရှိဘဲ ဘေးလွတ်ရာကို ပြောင်းရွေ့ပေးထားခြင်းသာရှိဟု တော်လှန်ရေးတပ်များပြောဆို
ဖေဖော်ဝါရီ 27, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ကလေးတက္ကသိုလ် ကျောင်းဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်စဉ် ဆရာ၊ ဆရာမနှင့် ကျောင်းသား (၁၀၀)ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွေ့ပေးခဲ့ခြင်းသာရှိပြီး ဖမ်းဆီးထားခြင်းမရှိဟု တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၆)ရက်နေ့ နံနက်ပိုင်းက ကလေးတက္ကသိုလ်ဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်၊ ခမ်ကန်းရဲစခန်းနှင့် ကလေးမြို့မြောက်ပိုင်းရှိ အောင်မြင်သာရွာ ပျူစောထီးစခန်းတို့ကို တော်လှန်ရေးတပ်များက တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဆရာ၊ ဆရာမနဲ့ ကျောင်းသားတွေကို ဖမ်းဆီးထားတာမရှိဘူး။ ပိတ်မိနေတဲ့ ဆရာ၊ ဆရာတွေနဲ့ ကျောင်းသားတွေကို ဘေးလွတ်ရာနေရာကို ပြောင်းရွေ့ပေးထားတာပဲရှိတယ်။"ဟု တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

တော်လှန်ရေးတပ်များက (၈)မိုင်ဂိတ်စခန်းဟု လူသိများသည့် ခမ်ကန်းရဲစခန်းနှင့် အနီးရှိ ကလေးတက္ကသိုလ်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်တို့ကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းမှ ပစ်ကူပေးခဲ့သဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

"စစ်ကောင်စီက ကျောင်းဝန်းမှာရှိတာပေါ့နော။ ကျောင်းဝန်းမှာထိုင်နေတဲ့ စစ်ကောင်စီတပ်ကို သွားတိုက်တဲ့အတွက် ဘေးလွတ်ရာကို ရွေ့ပေးတဲ့သဘောပါဗျာ။ တမင်သက်သက်ကြီး ဖမ်းတာမျိုးလည်း မဟုတ်ပါဘူး။ သူတို့ကို ရည်ရွယ်ပြီးလုပ်တာမျိုးလည်း မဟုတ်ပါဘူး။"ဟု တော်လှန်ရေးရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

ခမ်ကန်းရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် ရဲစခန်းနှင့် ဆိုင်ကယ်ဖြင့် (၂)မိနစ်ဝန်းကျင်သာ မောင်းရသည့် ကလေးတက္ကသိုလ်ဝန်းအတွင်းမှ စစ်ကောင်စီတပ်ကို ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

"မြေပုံမှာလည်းကြည့်ကြည့်လိုက်ပါ ခမ်ကန်းရဲစခန်းက ကျောင်းနဲ့ နီးနီးလေးပဲလေ။ ဒါကြောင့် ကျွန်တော်တို့က ပြိုင်တူတိုက်မှဖြစ်တဲ့အတွက် တက္ကသိုလ် ဆရာ၊ ဆရာမတွေကို ဘေးလွတ်ရာကို ပြောင်းရွေ့ပေးတဲ့သဘောပါ။"ဟု ၎င်းကဆက်ပြောသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်များဘက် ဒဏ်ရာရရဲဘော်များရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း သေဆုံးသူရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ဖမ်းဆီးခံရသည့် ကလေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရုံးဝန်ထမ်း (၂၈၅)ဦးအား ပြန်လည် ကယ်ဆယ်နိုင်ခဲ့သော်လည်း အချို့သော ဝန်ထမ်း၊ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ(စိစစ်ဆဲ)တို့အား တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဝါဒဖြန့်သည်။

#TachileikNewsAgency