စစ်ရှုံးစစ်ကောင်စီက ရက္ခိုင့်တပ်တော်ကို ဂုဏ်သိက္ခာကျဆင်းစေရန် ဝါဒဖြန့်နေဟု  AA ထုတ်ပြန်

စစ်ရှုံးစစ်ကောင်စီက ရက္ခိုင့်တပ်တော်ကို ဂုဏ်သိက္ခာကျဆင်းစေရန် ဝါဒဖြန့်နေဟု  AA ထုတ်ပြန်
ဇန်နဝါရီ 23, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် (AA)ကို မူးယစ်ဆေးဝါးအပါအဝင် အခြားဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ကြံဝါဒဖြန့်နေခြင်းများအား ပြတ်ပြတ်သားသား ငြင်းပယ်ကြောင်း AAက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ရေးအရ မယှဉ်နိုင်တော့သည့် အချိန်တိုင်းတွင် နိုင်ငံရေးအောက်လုံးများ၊ ညစ်လုံးများဖြင့် ၎င်းတို့ပိုင် မီဒီယာများ၊ ဝါဒဖြန့် အဖွဲ့အစည်းများမှတဆင့် စွပ်စွဲရေးသားခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီသည် တော်လှန်ရေးအဖွဲ့များအပေါ် နိုင်ငံတကာမှ အထင်အမြင်လွဲမှားစေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန် မူးယစ်ဆေးဝါးနှင့် ပတ်သက်နေသည်ဟု ၎င်းတို့ပိုင်မီဒီယာများမှတဆင့် နိုင်ငံရေးထိုးနှက်တိုက်ခိုက်မှုများကို ခပ်စိတ်စိတ် ပြုလုပ်လာသည်ဟု ဆိုသည်။

အထူးသဖြင့် စစ်ရှုံးစစ်ကောင်စီသည် AAအား မူးယစ်ဆေးဝါးအပါအဝင် တရားမဝင်ပစ္စည်းများနှင့် ဆက်စပ်ပတ်သက်နေသည်ဟူသော မမှန်မကန် လုပ်ကြံဝါဒဖြန့်သတင်းများဖြန့်ဝေကာ စွပ်စွဲရေးသားမှုများကို ဆက်တိုက်ပြုလုပ်လာသည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီသည် AAအား မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ နိုင်ငံတကာအကြမ်းဖက်မှုစသည့် ယဉ်ကျေးသောလူ့အဖွဲ့အစည်းမှ လုံးဝလက်မခံနိုင်သော ကိစ္စရပ်များဖြင့်ပါ မဟုတ်၊ မမှန် ဝါဒဖြန့်၍ နိုင်ငံတကာအသိုင်းအဝိုင်း၏ အထင်လွဲမှားမှုဖြစ်ပေါ်စေရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ဗိုလ်ချုပ်ကြီးများသည်သာ မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းများတွင် နောက်ကွယ်မှ ပါဝင်ပတ်သက်သူများဖြစ်ကြပြီး ကျဖျင့်(အွန်လိုင်းငွေကြေးလိမ်လည်မှု)လုပ်ငန်းများတွင်လည်း စစ်ကောင်စီ ဗိုလ်ချုပ်ကြီးများ ပါဝင်ပတ်သက်နေသည်ဟု ဆိုသည်။

ထို့ကြောင့် စစ်ဗိုလ်ချုပ်ကြီးများသည် ကျဖျင့်လုပ်ငန်းများကို အကာအကွယ်ပေးထားပြီး တရုတ်နိုင်ငံမှ အလိုရှိနေသည့် ကျဖျင့်လုပ်ငန်း အဓိကလုပ်ကိုင်သူများကို အပ်နှံခြင်းမရှိဘဲ အကာအကွယ် ပေးထားသည်မှာ ကျဖျင့်ကိစ္စတွင် ပါဝင်ပတ်သက်သည်ကို ဖုံးကွယ်ထားလိုခြင်း၊ နှုတ်ပိတ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။

#TachileikNewsAgency

Photo: AA Info Desk