ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပြီး ဆိုင်းတောင်တွင် လက်နက်ကြီးကျကာ ဒေသခံတစ်ဦး သေဆုံးပြီး ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီး

ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပြီး ဆိုင်းတောင်တွင် လက်နက်ကြီးကျကာ ဒေသခံတစ်ဦး သေဆုံးပြီး ဘုရားကျောင်းနှင့် နေအိမ်များ ပျက်စီး

 ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ဝှေခါဘက်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် KIA ပူးပေါင်းတပ်များ  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွာအတွင်း လက်နက်ကြီးကျကာ ဒေသခံတစ်ဦးသေဆုံးသွားပြီး နေအိမ်နှင့် ဘုရားကျောင်းလည်း ထိမှန်ပျက်စီးသွားကြောင်း သိရသည်။

ဝှေခါရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီးနောက် စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်များ ဆိုင်းတောင်ကျေးရွာအဝင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"လင်းလက်ကြယ်ရွှေဆိုင်ရှေ့မှာ တစ်ဦး လက်နက်ကြီးမှန်ပြီး သေတယ်။ အခုမနက်မှ အလောင်းလာသယ်သွားကြတယ်။"ဟု ဆိုင်းတောင် ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

တိုက်ပွဲမှာ ရုတ်တရက်ဖြစ်ပွါးခဲ့သဖြင့် ဒေသခံများမှာ ရှောင်တိမ်းချိန်မရဘဲ ကျေးရွာအတွင်း ပိတ်မိနေခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး ကျခြင်းကြောင့် မော်ဝမ်းရပ်ကွက်အတွင်းရှိ KBC ဘုရားကျောင်းလည်း ပျက်စီးသည်ဟု သိရသည်။

လက်ရှိတွင် တိုက်ပွဲငြိမ်သက်သွားပြီဖြစ်ပြီး ‌အခြေအနေအသေးစိတ် ကို Tachileik News Agency အနေဖြင့် ဆက်လက်စုံစမ်း နေဆဲဖြစ်သည်။