ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ယမန်နေ့က အရပ်သား ၈ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ် အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ယမန်နေ့က အရပ်သား ၈ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်တွင် ယမန်နေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့က စစ်ကောင်စီတပ်များ၏ အကြမ်းဖက်သတ်ဖြတ်မှု၊ လက်နက်ကြီးများနှင့် ပစ်ခတ်မှုကြောင့် အရပ်သား(၈)ဦး သေဆုံးပြီး (၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။

ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်သားများ ထောင်ထားသော မိုင်းအား တက်နင်းမိ၍ အသက် (၂၈)နှစ်အရွယ် ဒေသခံ မွတ်ဆလင်တစ်ဦး ဝဲခြေထောက်ပြတ်ထွက် ဒဏ်ရာရရှိခဲ့သည်။ 

မောင်တောမြို့နယ်တွင် တမန်းသားအခြေစိုက် နယ်ခြားစောင့်တပ်စခန်းမှ အနီးရှိကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် သက်ကညှာကျေးရွာ၌ လာရောက်စစ်ဘေးရှောင်နေသူ အသက် (၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရပြီး အသက် (၁၁)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အမျိုးသမီး(၂)ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ 

မင်းပြားမြို့နယ်၊ မယ်တော်တောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းမှ ပိုက်သည်ကျေးရွာအား လက်နက်ကြီး (၃)လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံအမျိုးသားတစ်ဦး အပါအဝင် အမျိုးသမီးတစ်ဦးတို့ လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့အပြင် အသက်(၆)နှစ်နှင့် (၁၃)နှစ်အရွယ် မွတ်ဆလင်ကလေး (၂)ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပေါက်တောဘက်သို့ ဦးတည်သွားလာနေသော စစ်ကောင်စီတပ်၏ သင်္ဘော (၂)စီးမှ မြစ်ကြောင်းတစ်လျှောက်၌ရှိသော ကျေးရွာများအား လက်နက်ကြီး (၁၀)လုံးထက်မနည်း ပစ်ခတ်ခဲ့ရာ မင်းပြားမြို့နယ်၊ ကြောင်ရှည်ချောင်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မင်းပြားမြို့နယ်တွင်ပင် စစ်ကောင်စီတပ်၏ နေဗီတပ်ဖွဲ့ဝင်(၁၀)ဦးကျော်သည် မင်းဘာကြီးရပ်ကွက်သို့ လက်နက်အင်အားအပြည့်အစုံဖြင့် ဝင်‌ရောက်လာကာ ဒေသခံတစ်ဦး၏ နေအိမ်ကို ဖြိုဖျက်ပြီး ၎င်းအိမ်အတွင်း ပုန်းအောင်းနေသော ဒေသခံအမျိုးသမီး (၂)ဦးနှင့် အမျိုးသား (၂)ဦးတို့အား သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ ကဇုကိုင်းတောဟိန်းတောင်ဗျူဟာကုန်းမှ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ကမ်းထောင်းကြီးမြို့နယ်၊ သရက်တောင်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲပြီး အသက်(၆၅)နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးသေဆုံးကာ နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များ၏ မြို့ပေါ်ရပ်ကွက်များအပါအဝင် အနီးရှိ ကျေးရွာများအား စစ်ကောင်စီတပ်စခန်းများနှင့် နေဗီသင်္ဘောများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် မင်းပြားမြို့နယ်၊ ကျားရဲပြင်ကျေးရွာမှ နေအိမ် (၄)လုံးနှင့် သက်ပုန်းကျေးရွာမှ နေအိမ်(၁၂)လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency