စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများကို ပြည်တွင်းတရားစီရင်ရေးဖြင့် အပြစ်ပေးမည်ဟု NUG ထုတ်ပြန်

စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများကို ပြည်တွင်းတရားစီရင်ရေးဖြင့် အပြစ်ပေးမည်ဟု NUG ထုတ်ပြန်
ဇန်နဝါရီ 9, 2024 | 2021 Military Coup| အခြားဒေသများ

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၃ခုနှစ် ဒီဇင်ဘာလအထိ စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် အသက်(၁၈)နှစ်အောက် ကလေးသူငယ် (၆၂၇)ဦး၊ အမျိုးသမီး (၁၀၁၇)ဦး သေဆုံးခဲ့ရပြီးဖြစ်ကာ ကျူးလွန်သူများကို ပြည်တွင်းတရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအပြစ်ပေးမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ပါဝင်သော အမိန့်ပေးစေခိုင်းသူ၊ လက်ရောက်ကျူးလွန်သူ၊ အားပေးအားမြှောက်ပြုသူနှင့် တာဝန်ရှိသူအဆင့်ဆင့်ကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ပြည်တွင်းတရားစီရင်ရေးစနစ်ဖြင့် ဖမ်းဆီးအရေးယူပြစ်ဒဏ်ချနိုင်ရေး အားထုတ်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ လေကြောင်းအသုံးပြု၍ ရပ်ရွာများအား တိုက်ခိုက်မှုပေါင်း (၅၈၃)ကြိမ် ကျူးလွန်ခဲ့ပြီး သေဆုံးသူအရပ်သား (၈၉၇)ဦးရှိပြီး ဘာသာရေးအဆောက်အဦးပေါင်း (၇၆)ခုနှင့် စာသင်ကျောင်းပေါင်း (၅၂)ကျောင်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

အကြမ်းဖက်စစ်တပ်သည် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာအားလုံးတွင် ပိုမိုရှုံးနိမ့်လာသည်နှင့်အမျှ အရပ်သားပြည်သူများအား လေကြောင်းမှ ဖျက်အားပြင်းဗုံးများ အသုံးပြုပြီး ပိုမိုတိုးမြှင့် အကြမ်းဖက်သတ်ဖြတ်လာသည်ဟုလည်း ဆိုသည်။

အကြမ်းဖက်စစ်တပ်သည် အာဆီယံအဖွဲ့၏ အချက်(၅)ချက်ပါ ဘုံသဘောတူညီချက်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ စသည်တို့ကို  လုံးဝလေးစားလိုက်နာမှု မရှိသည့်အပြင် ကလေးသူငယ်များကို သတ်ဖြတ်ခြင်း၊ ထိခိုက်ဒဏ်ရာရစေခြင်းနှင့် ရပ်ရွာ၊ ဘာသာရေးအဆောက်အဦးများ၊ စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့သည် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှု ဥပဒေများ၊ စာချုပ်စာတမ်းများ၊ အပြည်ပြည်ဆိုင်ရာနှင့် ဒေသဆိုင်ရာလူ့အခွင့်အရေး သဘောတူစာချုပ်များ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်၊ ဂျနီဗာသဘောတူစာချုပ်၊ ရောမဥပဒေသတို့ကို ချိုးဖောက်နေခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

အဆိုပါပြစ်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ မြောက်နေသည့်အတွက် လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကိုယ်တိုင် တိုက်တွန်းထားပြီးဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအနေဖြင့်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ နောက်ဆက်တွဲအဖြစ် အကြမ်းဖက်စစ်တပ်အပေါ်  ပိုမိုထိရောက်သည့် စီးပွားရေးပိတ်ဆို့မှုများနှင့် လေယာဥ်ဆီအပါအဝင် လက်နက်ခဲယမ်း တင်ပို့ရောင်းချခြင်းကို ပိတ်ဆို့မှုတို့ပါဝင်သော ဆုံးဖြတ်ချက်အသစ်နှင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ ထွက်ပေါ်လာအောင် ဝိုင်းဝန်းလုပ် ဆောင်ပေးရန်လည်း ထုတ်ပြန်တောင်းဆိုထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၇)ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ကနန်ကျေးရွာမှ တနင်္ဂနွေ ဘုရားကျောင်းဝတ်ပြုပွဲရှိသည့်အချိန်တွင် ဖျက်အားပြင်းဗုံးများ ကြဲချတိုက်ခိုက်မှုကြောင့် အသက်(၅)နှစ်မှ (၁၇)နှစ်ကြား ကလေးသူငယ်သေဆုံးသူဦးရေ(၉)ဦးအပါအဝင် သေဆုံးသူ (၁၇)ဦးနှင့် ဒဏ်ရာရရှိသူ(၁၉)ဦးရှိခဲ့သည်။

#TachileikNewsAgency