ခမ်းပါတ်တွင် စစ်ရေးတင်းမာနေပြီး မြို့ရှိတပ်စခန်းကုန်းကို စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲ

ခမ်းပါတ်တွင် စစ်ရေးတင်းမာနေပြီး မြို့ရှိတပ်စခန်းကုန်းကို စစ်ကောင်စီတပ်က ပြန်လည်တပ်စွဲ

စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပါတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းကို စစ်ကောင်စီတပ်က ပြန်လည်ဝင်ရောက်တပ်စွဲနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း တမူး PDFထံမှ သိရသည်။

KIA၊ PDF ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာလ (၇)ရက်နေ့က သိမ်းယူထားသည့် ခမ်းပါတ်မြို့ကို စစ်ကောင်စီတပ်က  အင်အား(၂၀၀)ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာပြီး PDFကင်းရဲဘော်(၄)ဦးအား ဒီဇင်ဘာလ (၅)ရက်နေ့တွင် ချောင်းမြောင်းတိုက်ခိုက်၍ သတ်ဖြတ်ပြီးနောက် ယနေ့ ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် စခန်းအတွင်း ပြန်လည်ဝင်ရောက်တပ်စွဲနေခြင်းဖြစ်ကြောင်း သိရသည်။

"လက်ရှိမှာတော့ နှစ်ဘက်ဆိုင်ထားတုန်းပါ။ ခမ်းပါတ်စခန်းကုန်းကိုတော့ စစ်ကောင်စီတပ်သားတွေ ပြန်ဝင်ထိုင်နေတယ်။"ဟု တမူး PDF မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေခြင်း၊ စခန်းအတွင်း ပြန်လည်တပ်စွဲနေခြင်းတို့ကြောင့် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ကာကွယ်ရေးအဖွဲ့ဝင်မှ ရဲဘော်(၇)ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး  (၄)ဦးသတ်ခံရကာ (၂)ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ကျန်တစ်ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။

သတ်ခံရသည့် ရဲဘော်များမှာ CDF Tonzangမှ (၂)ဦး၊ Rawn Chin အဖွဲ့မှ တစ်ဦး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖမှ တစ်ဦးတို့ဖြစ်ပြီး CNDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ပကဖတပ်ဖွဲ့တစ်ဦးတို့မှာ လည်ပင်းနှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency