စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ရွာများအားမီးရှို့ကာ အရပ်သား ၅ဦးကို သတ်သွား

စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ရွာများအားမီးရှို့ကာ အရပ်သား ၅ဦးကို သတ်သွား
အောက်တိုဘာ 26, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း စဉ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့က ဒေသခံ(၅)ဦးကို ပစ်သတ်သွားကြောင်း Wetlet Information Networkထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့က မန္တလေးဆိပ်ကမ်းမှ ဖလပ်သံခွန်တစ်စီး၊ သံခွန်အသေးတစ်စီးတို့ဖြင့် မတ္တရာမြို့နယ် ငယ်တိုးရွာ အနောက်ဘက်ကျွန်းသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ငယ်တိုးရွာနှင့် သဖန်းဒေါင့်ရွာတို့ရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့နောက် ညနေပိုင်းတွင် သံခွန်အသေးသည် မန္တလေးဘက်သို့ ပြန်စုန်သွားပြီ ခွေးဖလက်သံခွန်မှာ အထက်သို့ ဆန်တက်ခဲ့ရာ စဉ့်ကူးမြို့နယ် ရွာသာယာရွာမှ စစ်ကောင်စီတပ်ဖွဲ့ သင်္ဘောတစ်စီးနှင့်ဆုံ၍ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာနှင့် သဲအင်းရွာတို့ကို လက်နက်ကြီး (၄)ချက် ပစ်ခတ်ခဲ့ပြီးနောက် ကြက်တူရွေး၊ ဟင်္သာမ၊ မြစ်ကမ်းကြီး (၃)ရွာမှ အိမ်ခြေ(၁၀)လုံးဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

၎င်းစစ်ကောင်စီတပ်ဖွဲ့သည် ညပိုင်းတွင် သဲအင်းရွာဘက်သို့ စစ်ကြောင်းထိုးလာပြီး ကျေးလက်ဆေးပေးခန်းနှင့် နေအိမ်(၅)လုံးဝန်းကျင်ကို ထပ်မံမီးရှို့ခဲ့‌ကြသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာနှင့် သဲအင်းရွာတို့ကို မီးရှို့ပြီးနောက် အရပ်သား တစ်ဦးကို ဖမ်းဆီးကာ ညတွင်းချင်း ဖလက်သံခွန်နှင့် နောက်တွဲတွန်းသင်္ဘော(၂)စီးတို့ဖြင့် ရွာသာယာရွာဘက်သို့ ဆန်တက်ကာ လက်နက်ကြီးများဖြင့် ဝက်လက်မြို့နယ် မြစ်ကမ်းဘေးရွာများဘက်အား လက်နက်ကြီးများဖြင့် ပစ်ခတ်သွားခဲ့သည်ဟု သိရသည်။

ယနေ့ အောက်တိုဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် စဉ့်ကူးမြို့နယ် ရွာသာယာရွာမှတဆင့် အောက်ဘက်သို့ စုန်လာပြီး မတ္တရာမြို့နယ် သဖန်းဒေါင့်ရွာမှ နေအိမ်များကို ထပ်မံမီးရှို့ကာ မန္တလေးဆိပ်ကမ်းဘက်သို့ စုန်သွားကြောင်း သိရသည်။ 

အဆိုပါစစ်ကောင်စီတပ်ဖွဲ့သည် ကြက်တူရွေးအား မီးရှို့ပြီးနောက် အရပ်သား(၂)ဦးကို သတ်သွားပြီး မတ္တရာမြို့နယ် သဖန်းဒေါင့်ရွာနှင့် ငယ်တိုးရွာကြားတွင်လည်း အရပ်သား(၃)လောင်းကို ထပ်မံတွေ့ရှိ ခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency

Photo :Wetlet Informational Network