ငပလီမြို့တိုက်ပွဲ စစ်ကောင်စီက တစ်ညလုံး ကြည်း၊ ရေ၊ လေဖြင့် ပစ်ခတ်

ငပလီမြို့တိုက်ပွဲ စစ်ကောင်စီက တစ်ညလုံး ကြည်း၊ ရေ၊ လေဖြင့် ပစ်ခတ်

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ရှိ ဂေါ့ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဘက်က ၂၀၂၄ခုနှစ် ဇွန်လ (၃)ရက်နေ့ တစ်ညလုံး ကြည်း၊ ရေ၊ လေဖြင့်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဂေါ့ကျေးရွာအနီးတွင် ၂၀၂၄ ခုနှစ် ဇွန်လ(၂)ရက်နေ့ ညပိုင်းက စတင်ကာ တိုက်ပွဲများပြင်းထန်ပြီး ယမန်နေ့တစ်ညလုံး လက်နက် ကြီးနှင့်ပစ်ခတ်နေသည့်အပြင် တိုက်လေယာဉ်နှင့် Y12 လေယာဉ်များဖြင့်လည်း ဗုံးကြဲကြောင်း သိရသည်။

"တစ်ညလုံး လက်နက်ကြီးနဲ့ပစ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတယ်။ အိပ်လို့တောင်မရဘူး။ လေယာဉ်က ငပလီနဲ့ ဂေါ့ကြား စက်ဝိုင်းပုံစံနဲ့ ပတ်နေတာ။ အခု ငပလီကဆိုင်တွေလည်း အကုန်ပိတ်လိုက်ကြပြီ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

ယနေ့ ဇွန်လ(၄)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် ငပလီဂေါက်ကွင်း၌ လက်နက်ကြီးအထိုင်ချကာ (၁၅)မိနစ် တစ်ကြိမ် (၄)ချက် ပစ်ခတ်နေသည်ဟု သိရသည်။

"ဒီမနက်ပဲ စစ်သား အပြည့်နဲ့ ကား(၂)စီး လေဆိပ်ဖက်ကို ဆင်းသွားတယ်။ လေဆိပ်မှာလည်း လက်နက်ကြီးတင်ထားတယ်။ လက်နက်ကြီးပစ်သံက ငပလီကနေ အကျယ်ကြီးကြားနေရတာ။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့တိုက်ပွဲအတွင်း ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရထားပြီး ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများလည်း ကျည်ထိမှန်ခဲ့ကာ ပိတ်မိနေသည့် ဒေသခံများကို ကူညီရေးသမားများက ကယ်ထုတ်ပေးနေရသည်ဟု သိရသည်။

တိုက်ပွဲများကြောင့် ဖုန်းလိုင်းများလည်းပြတ်‌တောက်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအများအပြားသေသည်ဟု ဒေသခံ များကပြောဆိုသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

လက်ရှိတွင် သံတွဲလေဆိပ်ကိုလည်း ပိတ်ထားရပြီး ခရီးစဉ်များအားလုံး ဖျက်သိမ်းလိုက်ရကာ လေဆိပ်မှလာနိုင်သည့် ငပလီလမ်းကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားသည်ဟု သိရသည်။

#TachileikNewsAgency