ရွှေပြည်သာတွင် လမ်းဖြတ်ကူးသူကို ရှောင်တိမ်းရာက လူနာတင်ယာဉ်တိမ်းမှောက်ပြီး နှစ်ဦးသေဆုံး

ရွှေပြည်သာတွင် လမ်းဖြတ်ကူးသူကို ရှောင်တိမ်းရာက လူနာတင်ယာဉ်တိမ်းမှောက်ပြီး နှစ်ဦးသေဆုံး
အောက်တိုဘာ 16, 2023 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် (၁၄)လမ်းဆုံတွင် ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့ ညပိုင်းက လူမှုကူညီရေးယာဉ်တစ်စီး လူနာတင်ဆောင်လာရာက လမ်းဖြတ်ကူးသူအား ရှောင်တိမ်းစဉ် ယာဉ်တိမ်းမှောက်ပြီး ပရဟိတသမားတစ်ဦးနှင့် လူနာတစ်ဦးတို့ သေဆုံးခဲ့ရကြောင်း သိရသည်။

ယနေ့ ညပိုင်းတွင် We Love Care Burma လူမှုဘဝစောင့်ရှောက်ရေးပရဟိတအသင်းမှ လူနာတင်ယာဉ်သည် အရေးပေါ်လူနာတစ်ဦးအား အရေးပေါ်သယ်ဆောင်လာစဉ် လမ်းဖြတ်ကူးသူအား ရှောင်တိမ်းရာမှ လမ်းဘေးတွင်ရပ်ထားသည့် တွဲယာဉ်အား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"လမ်းဖြတ်ကူးသူကိုရှောင်ရင်းနဲ့ ကွန်တိန်နာကို ၀င်ချိတ်မိတာ။ ပြီးတာ့မှ ဓာတ်တိုင်ကို ဝင်တိုက်တာ။"ဟု သေဆုံးသူ ပရဟိတသမားနှင့် နီးစပ်သည့် ရန်ကုန်တိုင်းအတွင်း ပရဟိတလုပ်ကိုင်နေသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် အသင်းအဖွဲ့ဝင် ပရဟိတသမားတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ရပြီး လူနာမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့ရကြောင်း သိရသည်။

ယာဉ်မောင်းကို အင်းစိန်ဆေးရုံ၌ ဆေးကုသမှုခံယူနေရပြီး သေဆုံးသူ ပရဟိတသမားတွင် ဇနီးသည် ကိုယ်ဝန်ဆောင်အမျိုးသမီး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : ပရဟိတအသင်း