ကွယ်လွန်သူ သားသမီး(၃)ဦးကို ရည်စူးကာ အမှတ်တရအဖြစ် အသက်(၈၀)ကျော် အမျိုးသမီးကြီးက မိုင်(၁၀၀၀)အကွာအဝေးထိ စက်ဘီးစီး

ကွယ်လွန်သူ သားသမီး(၃)ဦးကို ရည်စူးကာ အမှတ်တရအဖြစ် အသက်(၈၀)ကျော် အမျိုးသမီးကြီးက မိုင်(၁၀၀၀)အကွာအဝေးထိ စက်ဘီးစီး
အောက်တိုဘာ 14, 2023 | နိုင်ငံတကာသတင်း
By Mr John

အသက် (၄၀) ကျော်တွင် ကွယ်လွန်သွားခဲ့ကြသည့် သူမ၏  သားသမီးများကို အမှတ်တရအဖြစ် ရည်စူးကာ ကျန်ရစ်သူ အသက် (၈၅) နှစ်အရွယ် မိခင်အိုက စကော့တလန်နိုင်ငံတဝိုက် မိုင်ပေါင်း (၁,၀၀၀) စက်ဘီးစီးခဲ့သည်။ 

"Granny Mave" ဟု လူသိများသည့် မုဆိုးမ တစ်ဦးဖြစ်သူ မာဗစ် ပတ်တာဆန် (Mavis Paterson) ၏ သားသမီးများမှာ စန်ဒီ၊ ကေတီနှင့် ဘော့ဘ်တို့ ဖြစ်ကြပြီး  ၎င်းတို့သည် ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တွင် အသီးသီး ကွယ်လွန်ခဲ့ကြခြင်း ဖြစ်သည်။ 

ကွယ်လွန်သူ သားသမီးများကို အမှတ်တရအဖြစ် မာဗစ်က သူမ၏ စက်ဘီးစီး ခရီးစဥ်ကို ၂၀၂၃ ခုနှစ် ဧပြီလ (၂၉) ရက်နေ့တွင် စတင်ခဲ့ပြီး မေလ (၃၀) ရက်နေ့တွင် ပြီးမြောက်ခဲ့ကာ စကော့တလန်တဝိုက် မိုင် (၁,၀၀၀) စက်ဘီးစီးခဲ့သည်။

မာဗစ်က စကော့တလန်၏ တောင်ဘက်စွန်းနေရာမှ မာဗစ်က Mull of Galloway ကနေ စတင်ထွက်ခွာခဲ့ပြီး မြောက်ဘက်သို့ ဦးတည်၍ စက်ဘီးစီးသွားခဲ့ပြီး စကော့တလန်တဝိုက် စက်ဘီးပတ်စီးပြီးနောက် Mull of Galloway ကို ပြန်လည်ရောက်ရှိခဲ့သည်။ 

"ကျွန်မရဲ့ စက်ဘီးသာ မရှိခဲ့ရင် ဒါက ပြောဖို့ အတော်ဆိုးပါတယ်။ ကျွန်မ အသက်ရှင်ချင်မယ်လို့ မထင်ဘူး" ဟု မာဗစ်က CNN Sport ကို ဖွင့်ဟခဲ့သည်။

မိသားစုတစ်ခုလုံး ဆုံးရှုံးခဲ့သူ သူမအတွက် စက်ဘီးစီးခြင်းက စိတ်သက်သာရာရစေသည်ဟုလည်း မာဗစ်က ဆိုသည်။ 

မာဗစ်သည် နေ့စဥ် နံနက်စောစောထပြီး စကော့လတန်တဝိုက် စက်ဘီးစီးထွက်လေ့ရှိသူ ဖြစ်သလို စက်ဘီးစီးပြီး ဗြိတိန်အခြေစိုက် Macmillian Cancer Support ပရဟိတအဖွဲ့အစည်းအတွက် ရန်ပုံငွေရှာဖွေပေးခဲ့သူလည်း ဖြစ်သည်။ 

#TachileikNewsAgency

Source: CNN