တရုတ်အစိုးရ အထောက်အပံ့ပေးထားသည့် တရုတ်ဟက်ကာအုပ်စုတစ်ခုက အမေရိကန်နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းများမှ ပို့ဆောင်ရေး အချက်အချာများအထိ အခြေခံအဆောက်အအုံဆိုင်ရာ အဖွဲ့အစည်း အများအပြားကို သူလျှိုလုပ်နေကြောင်း အနောက်အုပ်စု ထောက်လှမ်းရေးအေဂျင်စီများနှင့် နည်းပညာကုမ္ပဏီ Microsoft က မေလ (၂၄) ရက်နေ့တွင် ပြောသည်။
တရုတ်ဟက်ကာအုပ်စုက သူလျှိုလုပ်ရာတွင် မဟာဗျူဟာအရ အရေးကြီးသည့် အမေရိကန် စစ်အခြေစိုက်စခန်းများရှိရာ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းကိုလည်း ပစ်မှတ်ထားခဲ့ကြောင်း Microsoft ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
တရုတ်နှင့် အမေရိကန်တို့က အပြန်အလှန် သူလျှိုလုပ်နေကြသော်လည်း ယခုဖြစ်စဥ်မှာ တရုတ်က အမေရိကန်၏ အရေးပါသည့် အခြေခံအဆောက်အအုံကို အကြီးဆုံး ဆိုက်ဘာသူလျှိုလုပ်မှုဟု ဆိုသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mao Ning ကမူ တရုတ်ဟက်ကာအုပ်စုက အရေးပါသည့် အမေရိကန် အခြေခံအဆောက်အအုံဆိုင်ရာ အဖွဲ့အစည်းများကို သူလျှိုလုပ်ကြောင်း စွပ်စွဲချချက်များမှာ အမေရိကန်၊ ကနေဒါ၊ နယူးဇီလန်၊ ဩစတြေးလျနှင့် ဗြိတိန်တို့ ပူးပေါင်းဖွဲ့စည်းထားသော ထောက်လှမ်းရေးအချက်အလက် မျှဝေသည့် Five Eyes အုပ်စုထံမှ သတင်းမှားဖြန့်ဝေရေး လှုပ်ရှားမှုဖြစ်ကြောင်း မေလ (၂၅) ရက်နေ့တွင် တုံ့ပြန်ခဲ့သည်။
အမေရိကန် နိုင်ငံတော်လုံခြုံရေးအေဂျင်စီ National Security Agency (NSA) ၏ ပြောကြားမှုအရ တရုတ်ဟက်ကာများ သူလျှိုလုပ်မှုတွင် အဖွဲ့အစည်းမည်မျှကို သက်ရောက်မှုရှိခဲ့ကြောင်း ချက်ချင်း အတိအကျ မသိရသေးဟု ဆိုသည်။
NSA က ယခုဖြစ်စဥ်နှင့် ပတ်သက်၍ မိတ်ဖက်များဖြစ်သည့် ကနေဒါ၊ နယူးဇီလန်၊ ဩစတြေးလျနှင့် ဗြိတိန်တို့အပြင် အမေရိကန် FBI (Federal Bureau of Investigation) နှင့်ပါ ပူးပေါင်း၍ အချက်အလက်လုံခြုံရေး ကျိုးပေါက်မှုကို သိရှိနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
ကနေဒါ၊ ဗြိတိန်၊ ဩစတြေးလျနှင့် နယူးဇီလန်တို့ကိုလည်း တရုတ်ဟက်ကာများက ပစ်မှတ်ထားနိုင်ကြောင်း သတိပေးထားသည်ဟု ဆိုသည်။
Source: Reuters