ဂျပန်နိုင်ငံတွင် လူ (၄) ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မြို့ကောင်စီအကြီးအကဲ၏သားကို ဖမ်းဆီး

Photo:  Kyodo
Photo: Kyodo
ဂျပန်နိုင်ငံတွင် လူ (၄) ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မြို့ကောင်စီအကြီးအကဲ၏သားကို ဖမ်းဆီး
By Mr John

 

ဂျပန်နိုင်ငံတွင် ရှားပါးဖြစ်ရပ်တစ်ခုအဖြစ် ၂၀၂၃ခုနှစ် မေလ (၂၅) ရက်နေ့က ဖြစ်ပွားခဲ့သော ဓားဖြင့်ထိုးပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မြို့ကောင်စီအကြီးအကဲ၏ သားဖြစ်သူကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က မေလ (၂၆) ရက်နေ့တွင် ပြောသည်။ 

ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် သံသယရှိသူမှာ တိုက်ခိုက်မှုဖြစ်ပွားရာ နာဂါနိုစီရင်စု နာကာနိုမြို့ မြို့ကောင်စီအကြီးအကဲ၏  အသက် (၃၁) နှစ်အရွယ်   သားဖြစ်ကြောင်း နှင့် သံသယရှိသူ အမျိုးသားက အမဲလိုက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ပုံရကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက ဆိုသည်။

ထိုဖြစ်ရပ်အတွင်း ရဲအရာရှိ (၂) ဦး အပါအဝင် လူ (၄) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အမျိုးသမီးတစ်ဦး ဓားထိုးခံရကြောင်း သတင်းပေးတိုင်ကြားချက် ရရှိပြီးနောက် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာသို့ ရောက်ရှိလာခဲ့ချိန်တွင် သံသယရှိသူက ရဲအရာရှိ (၂) ဦးကို သေနတ်ဖြင့်ပစ်ခတ်ပြီးနောက် ၎င်း၏နေအိမ်အတွင်း ပုန်းအောင်းနေခဲ့ကြောင်း နာဂါနိုစီရင်စု ရဲတပ်ဖွဲ့အကြီးအကဲက ပြောသည်။ 

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဓားထိုးခံရသည့် အမျိုးသမီးနှင့် သေနတ်ဖြင့်ပစ်ခတ်ခံရသည့် ရဲအရာရှိ (၂) ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် နာရီပိုင်းအကြာတွင် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ Iwao Koyama က ပြောသည်။

နောက်ထပ် သက်ကြီးရွယ်အို အမျိုးသမီးကြီးတစ်ဦးလည်း ဓားဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ 

ထိုအမျိုးသမီးကြီးမှာ တိုက်ခိုက်မှုဖြစ်ပွားသည့် မေလ (၂၅) ရက် မွန်းလွဲပိုင်းကတည်းက သံသယရှိသူ၏ နေအိမ်အပြင်ဘက်တွင် လဲကျနေခဲ့ပြီး ရဲတပ်ဖွဲ့က သူမထံသို့ မရောက်ရှိနိုင်ခဲ့ကြောင်း မီဒီယာက ဖော်ပြသည်။

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် (၁၂) နာရီကျော်အကြာ မေလ (၂၆) ရက်နေ့ ဒေသစံတော်ချိန် နံနက် (၄) နာရီခွဲဝန်းကျင်တွင် ရဲတပ်ဖွဲ့က သံသယရှိသူ အမျိုးသားကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ 

ဂျပန်နိုင်ငံတွင် သေနတ်ဖြင့် အကြမ်းဖက်မှုမှာ အလွန်ရှားပါးပြီး အလွန်တင်းကျပ်သော သေနတ်ထိန်းချုပ်ရေး ဥပဒေများကြောင့် ဂျပန်မှာ ကမ္ဘာတဝန်း သေနတ်ဖြင့် ရာဇဝတ်မှုကျူးလွန်မှုနှုန်း အနိမ့်ဆုံးနိုင်ငံများအနက် ပါဝင်သည်။

Source: Reuters