Twitter ကို ဒေါ်လာ ၄၃ ဘီလီယံဖြင့် ဝယ်ယူမည်ဟု အီလွန်မက်စ် ကမ်းလှမ်း၊ အရောင်းအဝယ်မဖြစ်လျှင် ၎င်းပိုင်ရှယ်ယာများ ပြန်ရောင်းမည်ဟုဆို

Twitter ကို ဒေါ်လာ ၄၃ ဘီလီယံဖြင့် ဝယ်ယူမည်ဟု အီလွန်မက်စ် ကမ်းလှမ်း၊ အရောင်းအဝယ်မဖြစ်လျှင် ၎င်းပိုင်ရှယ်ယာများ ပြန်ရောင်းမည်ဟုဆို
By Mr John

Twitter ကို ဒေါ်လာ ၄၃ ဘီလီယံဖြင့် ဝယ်ယူမည်ဟု အီလွန်မက်စ် ကမ်းလှမ်း၊ အရောင်းအဝယ်မဖြစ်လျှင် ၎င်းပိုင်ရှယ်ယာများ ရောင်းမည်ဟုဆို

Tesla လျှပ်စစ်ကားကုမ္ပဏီပိုင်ရှင် အီလွန်မက်စ်က ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Twitter ကို အမေရိကန်ဒေါ်လာ ၄၃ ဘီလီယံဖြင့် ဝယ်ယူမည်ဟု ဧပြီ (၁၄) ရက်တွင် အံ့အားသင့်ဖွယ် ကြေညာကမ်းလှမ်းလိုက်သည်။

Twitter ၏ တမူထူးခြားသည့် အလားအလာကို ဖော်ဆောင်ရန်အတွက် ၎င်းက သင့်တော်သူဖြစ်သည်ဟုလည်း အီလွန်မက်စ်က ဆိုသည်။ အီလွန်မက်စ်သည် လတ်တလော ရက်ပိုင်းအတွင်း Twitter ၏ အကြီးဆုံးရှယ်ယာရှင် ဖြစ်လာခဲ့သည်။

ထို့နောက် ဒါရိုက်တာအဖွဲ့တွင် အီလွန်မက်စ် ပါဝင်လာမည့်သတင်းများ ထွက်ပေါ်ခဲ့သေးသော်လည်း နောက်ပိုင်းတွင် မပါဝင်တော့ကြောင်း သိရသည်။ Twitter ကို ဝယ်ယူမည့် ၎င်း၏ကမ်းလှမ်းချက်ကို လက်မခံပါက "ရှယ်ယာရှင်တစ်ယောက်ဖြစ်နေမှုအပေါ် ပြန်စဥ်းစားရန်လိုမယ်" ဟု အီလွန်မက်စ်က ဆိုသည်။

အီလွန်မက်စ်က အမေရိကန် ဘဏ္ဍာရေးဆိုင်ရာ ကြီးကြပ်ထိန်းသိမ်းမှုဌာနသို့ ၎င်း၏ တင်ပြမှုအတွင်း "ကမ္ဘာတဝန်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်လာမယ့်အလားအလာအပေါ် ယုံကြည်တာကြောင့် ကျွန်တော် Twitter မှာ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်က ဒီမိုကရေစီရှင်သန်ဖို့အတွက် လူမှုရေးရာ မရှိမဖြစ် ဖြစ်ပါတယ်" ဟု အီလွန်မက်စ်က ပြောသည်။

"ဒါပေမဲ့ ကျွန်တော် ရင်းနှီးမြှုပ်နှံပြီးနောက်ပိုင်း သူ့ရဲ့လက်ရှိပုံစံမှာ ကုမ္ပဏီက စီးပွားရေးအရ မတိုးတက်သလို ဒီ လူမှုရေးရာ မရှိမဖြစ်အနေနဲ့လည်း မရပ်တည်ခဲ့ဘူး။ Twitter က ပုဂ္ဂလိက တစ်ဦးတည်းပိုင်ကုမ္ပဏီအဖြစ် အသွင်ပြောင်းလဲဖို့လိုတယ်" ဟုလည်း ၎င်းက ထောက်ပြခဲ့သည်။

၎င်း၏ ကမ်းလှမ်းချက်အတိုင်း အရောင်းအဝယ်ကိစ္စ ဖြစ်မလာပါက Twitter တွင် ပိုင်ဆိုင်ထားသည့် ရှယ်ယာများကို ရောင်းချသွားရလိမ့်မည်ဟု အီလွန်မက်စ်က ဆိုသည်။

"ဒါက ခြိမ်းခြောက်မှုတစ်ခု မဟုတ်ပါဘူး။ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘဲ ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု မဖြစ်တာ ရိုးရှင်းပါတယ်" ဟုလည်း ၎င်းက ပြောသည်။

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုတွင် အခြေစိုက်ပြီး အများပိုင်ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်လုပ်ကိုင်နေသည့် Twitter ကို ၂၀၀၆ ခုနှစ်တွင် ဂျက်ဒေါ်ဆင်က ဦးဆောင်ပြီး စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်း စာရင်းအချက်အလက်တွေအရ Twitter တွင် ဝန်ထမ်းအရေအတွက် ၇,၅၀၀ ကျော်ရှိပြီး ကမ္ဘာတဝန်း အသုံးပြုသူ ၂၁၇ သန်းရှိကြောင်း သိရသည်။

 

Source: Reuters, BBC