တရုတ်တွင် မျောက်ကျောက်ရောဂါကူးစက်မှုတွေ့ရပြီးနောက် နိုင်ငံခြားသားများကို မထိကြရန် သတိပေး

တရုတ်တွင် မျောက်ကျောက်ရောဂါကူးစက်မှုတွေ့ရပြီးနောက် နိုင်ငံခြားသားများကို မထိကြရန် သတိပေး
စက်တင်ဘာ 20, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်တွင် မျောက်ကျောက်ရောဂါကူးစက်မှုတွေ့ရပြီးနောက် နိုင်ငံခြားသားများကို မထိကြရန် သတိပေး

တရုတ်နိုင်ငံတွင် ပထမဆုံး မျောက်ကျောက်ရောဂါ (monkeypox) ကူးစက်မှုတွေ့ရပြီးနောက် နိုင်ငံခြားသားများကို မထိရန် တရုတ်အစိုးရ အကြီးတန်း ကျန်းမာရေးအရာရှိတစ်ဦးက နိုင်ငံသားများကို သတိပေးခဲ့သည်။ 

တရုတ်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဌာန Chinese Centre for Disease Control and Prevention (CDC) မှ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူ Wu Zunyou က နိုင်ငံခြားသားများနှင့် အသားချင်းထိတွေ့မှုမလုပ်ကြရန် Weibo တွင် ပြောထားသည်။

၎င်းက Weibo ပို့စ်ကို ဝေဖန်မှုများရှိလာခဲ့ပြီး အချို့က လူမျိုးရေးခွဲခြားမှုအဖြစ် တံဆိပ်ကပ် ဝေဖန်ကြသည်။ 

နောက်ပိုင်းတွင် Wu Zunyou ၏ မူရင်းပို့စ်အောက်တွင် မှတ်ချက်မပေးနိုင်ရန် Weibo က ပိတ်ပင်ခဲ့သည်ဟု ဆိုသည်။

"မျောက်ကျောက်ကူးစက်နိုင်မှုကို တားဆီးကာကွယ်ဖို့နဲ့ ကျွန်တော်တို့ရဲ့ ကျန်းမာတဲ့လူနေမှုပုံစံ အစိတ်အပိုင်းအဖြစ် ဒီတစ်ခုကို အကြံပြုပါတယ်။ နိုင်ငံခြားသားတွေနဲ့ အ‌သားချင်း မထိကြဖို့ပါ" ဟု Wu Zunyou က ၎င်း၏ Weibo အကောင့်တွင် စက်တင်ဘာလ (၁၇) ရက်နေ့က ရေးသားထားခဲ့သည်။ 

ထို့အတူ ပြီးခဲ့သည့် (၃) ပတ်အတွင်း ပြည်ပမှပြန်လည်ရောက်ရှိလာသည့် ခရီးသွားများနှင့် သူစိမ်းများနှင့်လည်း အသားချင်း မထိကြရန် ၎င်းက တိုက်တွန်းခဲ့သည်။

တရုတ်အနောက်တောင်ပိုင်း Chongqing မြို့တွင် နိုင်ငံ၏ ပထမဆုံး မျောက်ကျောက်ရောဂါကူးစက်လူနာ အတည်ပြု တွေ့ရှိခဲ့ရပြီး နောက်တစ်ရက်တွင် Wu Zunyou က ၎င်း၏ အကြံပြုချက်ကို Weibo တွင် တင်ခဲ့ခြင်းလည်း ဖြစ်သည်။ 

အဆိုပါ မျောက်ကျောက်ရောဂါကူးစက်လူနာမှာ ပြည်ပမှ ရောက်ရှိလာခဲ့သူဟု ဆိုသည်။

 သို့သော် ၎င်းမှာ တရုတ်နိုင်ငံသားဖြစ်သည် သို့မဟုတ် နိုင်ငံခြားသားဖြစ်သည်ကိုမူ အတိအကျ မသိရဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ရက်များတွင် Wu Zunyou ၏ Weibo ပို့စ်ကို ဆိုရှယ်မီဒီယာတွင် အများအပြား ပြန်လည်မျှဝေခဲ့ကြပြီး Weibo တွင် အကြီးအကျယ် ဝေဖန်ခဲ့ကြသည်။ 

"ဒါက ပြောဖို့ တော်တော်ကို မသင့်တော်တာပဲ။ COVID-19 ကပ်ရောဂါအစမှာ အချို့ နိုင်ငံခြားသားတွေက တရုတ်ပြည်သူတွေဟာ ဗိုင်းရပ်စ်တွေမဟုတ်ဘူးလို့ ပြောပြီး ငါတို့ကို ကာကွယ်ခဲ့ကြတယ်လေ" ဟု မှတ်ချက်ပေးသူတစ်ဦးက ရေးသားထားသည်။

နိုင်ငံခြားသားဖြစ်ပုံရသည့် နောက်ထပ် Weibo အသုံးပြုသူတစ်ဦးကလည်း "ဘယ်လောက် လူမျိုးရေးခွဲခြားတဲ့ဟာလဲ။ ငါ့လို တရုတ်မှာ (၁၀) နှစ်နီးပါး နေလာခဲ့သူတွေဆိုရင်ရော။ နယ်စပ်တွေ ပိတ်ထားလို့ ငါတို့ မိသားစုတွေကို ၃ နှစ်-၄ နှစ်လောက် မတွေ့ခဲ့ရဘူး" ဟု ပြောထားသည်။ 

တရုတ်နိုင်ငံက ရုတ်တရက် lockdown လုပ်ခြင်း၊ နယ်စပ်ပိတ်ပင်ခြင်း၊ မဖြစ်မနေ ဓာတ်ခွဲနမူနာရယူပြီး ဗိုင်းရပ်စ်စစ်ဆေးခြင်းနှင့် ခရီးသွားလာမှု ကန့်သတ်ခြင်း အပါအဝင် ကမ္ဘာ့အတင်းကျပ်ဆုံး COVID-19 စီမံဆောင်ရွက်မှုများကို ကပ်ရောဂါစတင်ချိန်ကတည်းက ယခုအချိန်အထိ ကျင့်သုံးနေခဲ့ဖြစ်သည်။

တရုတ်တွင် ပထမဆုံး ကူးစက်မှုတွေ့လာရသည့် မျောက်ကျောက်ရောဂါဗိုင်းရပ်စ်မှာ ရောဂါရှိသည့် လူများ၊ တိရိစ္ဆာန်များ သို့မဟုတ် ဗိုင်းရပ်စ်ရှိနေသည့် အရာဝတ္တုများနှင့် အနီးကပ် ထိတွေ့မှုမှတစ်ဆင့် ကူးစက်နိုင်ပြီး ပုံမှန်အားဖြင့် ကိုယ်ပူခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ခန္ဓာကိုယ်တွင် အဖုအပိမ့်ထွက်ခြင်းတို့ ဖြစ်ပေါ်လေ့ရှိသည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) ၏ စာရင်းများအရ လက်ရှိတွင် နိုင်ငံပေါင်း (၉၀) ခန့်၌ မျောက်ကျောက်ရောဂါကူးစက်မှုများ တွေ့ရှိထားသည်။

WHO က မျောက်ကျောက်ရောဂါကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ဇူလိုင်လ (၂၃) ရက်တွင် သတ်မှတ်ကြေညာခဲ့သည်။ 

ကမ္ဘာတဝန်းတွင် မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ (၆၀,၀၀၀) ကျော်ရှိနေပြီး သေဆုံးမှု အချို့လည်းရှိခဲ့ကြောင်း သိရသည်။ 

WHO က မျောက်ကျောက်ရောဂါမတိုင်မီ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည့် ရောဂါ (၂) ခုသာရှိခဲ့ဖူးပြီး COVID-19 ကပ်ရောဂါနှင့် အမြစ်ဖြတ်ပပျောက်ရေး ဆက်လက်ကြိုးပမ်းနေသော ပိုလီယိုရောဂါတို့ ဖြစ်သည်။

Source: BBC