စစ်တပ်အာဏာသိမ်းပြီးနောက် ဒီချုပ်ပါတီဝင် ၁၇၀၀ ကျော် ဖမ်းဆီးခံရပြီး ၉၇ ဦး သတ်ခံရ

စစ်တပ်အာဏာသိမ်းပြီးနောက် ဒီချုပ်ပါတီဝင် ၁၇၀၀ ကျော် ဖမ်းဆီးခံရပြီး ၉၇ ဦး သတ်ခံရ

စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(NLD)ပါတီဝင် (၁၇၀၀)ကျော်ဖမ်းဆီးခံထားရပြီး (၉၇)ဦးသတ်ခံရကာ (၃၇၃)ဦး၏ နေအိမ်များ ချိပ်ပိတ်ခံထားရကြောင်း ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၇)ရက်နေ့တွင်ကျရောက်သည့် ဒီချုပ်ပါတီတည်ထောင်ခြင်း (၃၅)နှစ်မြောက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် စစ်တပ်အာဏာသိမ်းပြီးနောက် အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နယ်မြေဒေသအသီးသီးမှ တက်ကြွလှုပ်ရှားသူများ၊ အရပ်သားပြည်သူများကို ဖမ်းဆီးအကျဉ်းချထားခဲ့ရာ အရပ်သား(၁၅,၈၃၈)ဦး ဖမ်းဆီးခံခဲ့ရပြီး ယင်းအထဲတွင် ဒီချုပ်ပါတီဝင်(၁,၇၆၉)ဦးပါဝင်ကာ နှိပ်စက်အသတ်ခံရသည့် အရပ်သား(၄,၀၁၁)ဦးတွင် ဒီချုပ်ပါတီဝင်(၉၇)ဦး ပါဝင်ကြောင်း သိရသည်။

ထို့အပြင် အရပ်သား(၆၈၈)ဦး၏ ပိုင်ဆိုင်မှုပစ္စည်းများ ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရပြီး ယင်းအထဲတွင် ဒီချုပ်ပါတီဝင် (၃၇၃)ဦးတို့၏ ပိုင်ဆိုင်မှုများလည်းပါဝင်ခဲ့ကာ ဗဟိုရုံးချုပ်အပါအဝင် အဆင့်ဆင့်သော အဖွဲ့ချုပ်ရုံးများသို့ ကျူးကျော်ဝင်ရောက်ပြီး ပစ္စည်းများကို ခိုးယူသယ်ထုတ်ခြင်း၊ ‌ဖောက်ခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့မှာလည်း အကြိမ်(၁၆၀)ရှိခဲ့သည်ဟု ဆိုသည်။  

နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရသည့် ထုံးစံရှိသော်လည်း ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်းတို့ကြောင့် စစ်ကောင်စီက ကျင်းပရန်ကြံစည်နေသော ရွေးကောက်ပွဲကို အသိအမှတ်မပြု ဆန့်ကျင်သွားမည်ဟု ဖော်ပြထားသည်။ 

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ စစ်ဘေးဒဏ်သင့် အရပ်သားပြည်သူများအား လူသားချင်းစာနာမှု အကူအညီများရရှိရေး၊ အရပ်သားများအား ပစ်မှတ်ထားတိုက်ခိုက်နေမှုများ အမြန်ဆုံးရပ်ဆိုင်းသွားရေးတို့အတွက် မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်  အားဖြည့်ကူညီပေးကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency