စစ်ကိုင်းတိုင်း ရေဦးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ အထိုင်ချထားသော စစ်ဆေးရေးဂိတ် (၂)ခုကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများ အထိုင်ချထားသည့် ရေဦးမြို့ မြောက်ဘက်အထွက်ရှိ စစ်ဆေးရေးဂိတ်နှင့် ရေဦးမြို့ အနောက်မြောက်အထွက်ရှိ ရွှေကျီးမင်းစစ်ဆေးရေးဂိတ်တို့ကို ဒေသကာကွယ်ရေးတပ်များက နံနက်(၁)နာရီကျော်တွင် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးရေးဂိတ်များသည် စစ်ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများက ဆက်ကြေးကောက်ရန် ဖွင့်လှစ်ထားသည့် ဂိတ်များဖြစ်သဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်းနှင့် မဟာမိတ်တပ်ရင်းများ ပူးပေါင်း၍ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထိခိုက်သေဆုံးသူရှိသည်ဟု ရွှေဘိုခရိုင် အမှတ်(၁၄)တပ်ရင်းထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၃)ရက်နေ့ကလည်း ရေဦးမြို့ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းများ၊ ရော့ကတ်များဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင်အမှတ် (၁၄)တပ်ရင်းမှ တိုက်ခိုက်ခဲ့သည်။
၎င်းတိုက်ခိုက်မှုတွင် Fix Wings(မောင်းသူမဲ့လေယာဉ်ငယ်)ဖြင့် ဗုံးသီး (၃)လုံးချ တိုက်ခိုက်ခဲ့ပြီးနောက် SBB14B Rocket(တာဝေးပစ်လက်နက်ကြီး) (၃)လုံးဖြင့်လည်း ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
#TachileikNewsAgency