ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်ကို ထိခိုက်လာပါက စစ်ကောင်စီ၏ တာဝန်ဖြစ်ကြောင်း NLDထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်ကို ထိခိုက်လာပါက စစ်ကောင်စီ၏ တာဝန်ဖြစ်ကြောင်း NLDထုတ်ပြန်
စက်တင်ဘာ 14, 2023 | 2021 Military Coup

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး တစ်စုံတစ်ရာ ချို့ယွင်းမှုသာမက အသက်အန္တရာယ်ကိုပါ ထိခိုက်မှုဖြစ်ပေါ်လာပါက အာဏာသိမ်းစစ်ကောင်စီတွင်သာ တာဝန်ရှိသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ၎င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် ကြားခံတစ်ဦးအဖြစ် ပြန်ပေးဆွဲထားကာ လျှို့ဝှက်ထားသည့်နေရာများတွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ရပိုင်ခွင့် အခွင့်အရေးကိုမျှမပေးပဲ ချုပ်နှောင်ထားကြောင်း၊ ထို့အပြင် လုံလောက်သော ကျန်းမာရေး စောင့်ရှောက်မှု မရရှိသည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာနှင့် နေရာထိုင်ခင်းတို့ကို သင့်တင့် မျှတအောင် ဆောင်ရွက်မထားပဲ အသက်အန္တရာယ်ရှိစေရန် ရည်ရွယ်ဖန်တီးထားသည့်အတွက် စိုးရိမ်ပူပန်ကြောင်း NLDက ထုတ်ပြန်ထားသည်။

တိုင်းပြည်အကျိုးအတွက် စိတ်ကောင်းစေတနာအပြည့်အဝဖြင့် မိမိ၏အသက်ကိုပင် မငဲ့ကွက်ဘဲ မှန်ကန်စွာရပ်တည်နေသည့် အဖွဲ့ချုပ်ခေါင်းဆောင်နှင့် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံး ခြွင်းချက်မရှိ လွတ်မြောက်စေရန် ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံအသိုက်အဝန်းနှင့် အိမ်နီးနားချင်းနိုင်ငံ ခေါင်း ဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုများက ကြိုးပမ်းအားထုတ်နေမှုများကို အလေးထား အသိအမှတ်ပြုကြောင်းလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo :NLD