ကျောက်ကြီးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦး လက်နက်ချအညံ့ခံ

ကျောက်ကြီးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦး လက်နက်ချအညံ့ခံ
စက်တင်ဘာ 5, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို မြို့လှ KPDFက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦး လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁)ရက်နေ့က ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်မ (၈၈)လက်အောက်ခံ ခလရ(၇၇)တပ်ဖွဲ့အား မြို့လှ K-PDFတပ်ရင်းက တိုက်ခိုက်ခဲ့စဉ် အဆိုပါ ဒုတပ်ကြပ်သည် လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်ကြောင်း မြို့လှ K-PDF တပ်ရင်းက ယနေ့ စက်တင်ဘာလ (၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်တပ်မှ ဒုတပ်ကြပ် ကိုပေါညိမ်းမှာ မကွေးတိုင်း ချောက်မြို့နယ်ရှိ ခလရ(၇၇)တပ်ရင်းမှ တစ်ကြိမ်ထွက်ပြေးခဲ့ဖူးပြီး ပြန်လည်အဖမ်းခံခဲ့ရ၍ ချုပ်ရက်(၃)လကျခံခဲ့ဖူးသည်ဟု ဆိုသည်။

လက်နက်ချအညံ့ခံခဲ့သော ၎င်းအား မြို့လှ K-PDF ပြည်သူ့ကာကွယ်ရေးတပ်ရင်းမှ လွတ်လပ်စွာ နေထိုင်ခွင့်နှင့် သွားလိုသောနေရာသို့ ပို့ဆောင်ပေးခြင်းများ လုပ်ဆောင်ပေးခဲ့သည်ဟု သိရသည်။ 

ကျောက်ကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ကျောက်ကြီးရဲစခန်းတို့ကို မြို့လှ KPDFက စက်တင်ဘာလ (၁)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်။ 

ကျောက်ကြီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ ခလရ (၇၇)ကို မြို့လှ KPDFတပ်ရင်းမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များသည် တပ်စွဲထားသည့်နေရာအားစွန့်ခွာပြီး ကျောက်ကြီးရဲစခန်းအတွင်းသို့ ဝင်ရောက်သွားသဖြင့် ကျောက်ကြီးရဲစခန်းအား ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ၏ MA 1တစ်လက်နှင့်အတူ ခဲယမ်းအများအပြားကို သိမ်းဆည်းနိုင်ခဲ့သည်ဟု မြို့လှ KPDF တပ်ရင်းက သတင်းထုတ်ပြန်ခဲ့သည်။ 

တိုက်ပွဲမှာ (၃)နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သည် တိုက်လေယာဉ်ဖြင့် (၂)ကြိမ်၊ တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် ကျောက်ကြီးရွာ အနီးတစ်ဝိုက်သို့ (၃)ကြိမ် လာ‌ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency