စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံအတွင်းသို့ လူကုန်ကူးခံရပြီး အွန်လိုင်းလိမ်လည်ဂိုဏ်းများတွင် ပိတ်မိနေသူ (၁၂၀,၀၀၀) ရှိနိုင်ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်

စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံအတွင်းသို့ လူကုန်ကူးခံရပြီး အွန်လိုင်းလိမ်လည်ဂိုဏ်းများတွင် ပိတ်မိနေသူ (၁၂၀,၀၀၀) ရှိနိုင်ကြောင်း ကုလသမဂ္ဂ ထုတ်ပြန်
By Mr John

 မကြာသေးမီ နှစ်များအတွင်း အရှေ့တောင်အာရှဒေသတဝန်း တစ်ဟုန်ထိုး တိုးပွားများပြားလာသော အွန်လိုင်းလိမ်လည်ဂိုဏ်းများနှင့် အခြား တရားမဝင် အွန်လိုင်းလုပ်ငန်းများတွင် အတင်းအကျပ် အလုပ်စေခိုင်းရန် လူဦးရေ သိန်းနှင့်ချီ လူကုန်ကူးခံခဲ့ရကြောင်း ကုလသမဂ္ဂက ၂၀၂၃ခုနှစ်  ဩဂုတ်လ (၂၉) ရက်နေ့ အစီရင်ခံစာတွင် ပြောသည်။

စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံအတွင်းရှိ အွန်လိုင်းလိမ်လည်ဂိုဏ်းများတွင် အနည်းဆုံး လူ (၁၂၀,၀၀၀) လူကုန်ကူးခံခဲ့ရပြီး ပိတ်မိနေနိုင်ကြောင်း ထိုအစီအရင်ခံစာက ယုံကြည်စိတ်ချရသော အရင်းအမြစ်များကို ကိုးကား၍ ဖော်ပြသည်။ 

ထို့အတူ ကမ္ဘောဒီးယားနိုင်ငံတွင်လည်း လူ (၁၀၀,၀၀၀) ခန့် အလားတူ ပိတ်မိနေနိုင်ကြောင်း သိရသည်။ 

လာအို၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံရှိ ဒစ်ဂျစ်တယ်ငွေကြေး (cryptocurrency) လိမ်လည်မှုမှ အွန်လိုင်းလောင်ကစားအထိ ရာဇဝတ်မှုကျူးလွန်သူများက ပိုင်ဆိုင်သည့် လုပ်ငန်းများတွင်လည်း ပိတ်မိနေသူများရှိသည်ဟု ဆိုသည်။

လူကုန်ကူးခံရပြီး အွန်လိုင်းလိမ်လည်ဂိုဏ်းများတွင် ရာဇဝတ်မှုလုပ်ဆောင်ရန် အတင်းအကျပ် စေခိုင်းခံနေရသူများမှာ လူမဆန်စွာ ပြုမူဆက်ဆံခံနေကြရပြီး ၎င်းတို့မှာ ရာဇတ်သားများ မဟုတ်ဘဲ ထိခိုက်ခံစားရသည့် သားကောင်များဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ပြောသည်။

လူကုန်ကူးခံရပြီး အွန်လိုင်းလိမ်လည်ဂိုဏ်းများတွင် အတင်းအကျပ် အလုပ်စေခိုင်းခံရသူ အများစုမှာ အ‌ရှေ့တောင်အာရှ နိုင်ငံများမှဖြစ်ပြီး တရုတ်၊ ထိုင်ဝမ်နှင့် ဟောင်ကောင်တို့မှလည်း ပါဝင်သည်။ 

ထို့အပြင် အရှေ့တောင်အာရှနှင့် ဝေးကွာသည့် အာဖရိကနှင့် လက်တင်အမေရိကမှ လူများလည်း လူကုန်ကူးခံရသည်ဟု ဆိုသည်။ 

လျင်မြန်စွာ တိုးပွားများပြားလာသည့် အွန်လိုင်းလိမ်လည်ဂိုဏ်းများက နှစ်စဥ် အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီ ဝင်ငွေရနေကြကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ပြောသည်။

#TachileikNewsAgency

Source: Reuters

Mr John သည် Tachileik News Agency ၏ နိုင်ငံတကာသတင်း ကဏ္ဍအတွက် ဘာသာပြန် သတင်းတင်ဆက်နေသူ ဖြစ်သည်...