ရန်ကုန်တိုင်းရှိ စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာခြောက်ခုကို ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တိုင်းရှိ စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာခြောက်ခုကို ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တိုင်းရှိ စစ်ကောင်စီ၏ ထောက်တိုင်ဦးစီးဌာန (၃)ခု အပါအဝင် တပ်စခန်း(၂)ခုနှင့် စစ်ဆေးရေးလုပ်နေသောနေရာ(၁)ခုတို့အား ၂၀၂၃ခုနှစ် ဇူလိုင်လ (၄)ရက်နေ့ ညပိုင်းတွင် ဗုံး(၁၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဦးစီးဌာန၊  တောင်ဥက္ကလာပမြို့နယ်တရားရုံး၊ လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်း၊ သန်လျင်မြိုနယ် ဗိုလ်ချုပ်ကျေးရွာနှင့် အောင်ချမ်းသာအစပ်ကြားရှိ တပင်ရွှေထီးလမ်းမတွင် အများပြည်သူ၏ ဆိုင်ကယ်များကို မတရားစစ်ဆေးနေသည့် နေရာအနီးတို့အား ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ဆင်ရေး၌ စစ်ကောင်စီတပ်သားတချို့ ထိခိုက်မှုရှိခဲ့ကာ လှိုင်သာယာမြို့နယ် အရှေ့ပိုင်းရဲစခန်း တိုက်ခိုက်မှုနှင့် သန်လျင်မြို့နယ်အတွင်း တိုက်ခိုက်မှုတို့တွင် စစ်ကောင်စီတပ်သား (၃)ဦးထက်မနည်း ထိခိုက်မှုရှိခဲ့သည်ဟု Freeland Attack Force-FLA ထံမှ သိရသည်။

တိုက်ခိုက်မှုကို Anonymous Fighters Force-AFFမှ ဦးဆောင်ပြီး  Freeland Attack Force-FLA၊ Phoenix Urban Guerrilla Force ၊ Emerald Girls Army-EGA၊ Rangoon Urban Forceတို့က  ပူးပေါင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Internet