ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီတပ်သားများ နှစ်ရက်ဆက် မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် အင်ပင်စစ်ဆေးရေးဂိတ်ကို ကားဖြတ်သန်းခွင့်ပိတ်

ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီတပ်သားများ နှစ်ရက်ဆက် မိုင်းခွဲ တိုက်ခိုက်ခံရပြီးနောက် အင်ပင်စစ်ဆေးရေးဂိတ်ကို ကားဖြတ်သန်းခွင့်ပိတ်

မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီတပ်သားများ နှစ်ရက်ဆက် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အင်ပင်စစ်ဆေးရေးဂိတ်ကို ကားများ ဖြတ်သန်းခွင့်ပိတ်ထားကြောင်း Young Force(UG)ထံမှ သိရသည်။

၂၀၂၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့နှင့် (၂)ရက်နေ့တို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ မိုင်း(၃)ကြိမ်ဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် ယနေ့ ဇူလိုင်လ (၃)ရက်နေ့ နံနက်မှစကာ အင်ပင်စစ်ဆေးရေးဂိတ်ကို ကားအသွားလာများ ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ (၁)ရက်နေ့က ကုန်းတက်ကန်ကျေးရွာအနီး၌ နာရေးကူညီမှုကားဖြင့် လာသည့် စစ်ကောင်စီတပ်ယာဥ်ကို မိုင်း(၃)လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇူလိုင်လ (၂)ရက်နေ့ ညနေ(၆)နာရီခွဲဝန်းကျင်ခန့်တွင်လည်း ပခုက္ကူမြို့ နယ် အင်ပင်ကျေးရွာအနီးကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ပြီး မိုင်းများ လာရောက်ရှာဖွေပြီးနောက် ကိုးပင်နှင့် အင်ပင်ကျေးရွာကြား၌ နောက်ချန်ကင်းပုန်းလာဝပ်သည့် စစ်ကောင်စီတပ်သားများကို မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီတပ်သည် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သွားသည်ဟု ဆိုသည်။

ည(၁၀)ခွဲဝန်းကျင်တွင် ပခုက္ကူမှ အင်ပင်စစ်ဆေးရေးဂိတ်သို့ ခြေလျင်လာသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို အဝေးထိန်း (GPS)မိုင်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါအင်ပင်စစ်ဆေးရေးဂိတ်သည် ဒေသကာကွယ်ရေး PDFအဖွဲ့များ၏ လက်နက်ခဲယမ်းများအား ၂၀၂၃ခုနှစ် မေလအတွင်းက ဖမ်းဆီးခဲ့သဖြင့် PDFတပ်များက ဒရုန်းများဖြင့် ဗုံးသီးအလုံး (၂၀)ကျော် ချတိုက်ခိုက်ခဲ့သေးသည်။

ယခုရက်အတွင်း ပခုက္ကူ-မြိုင် ကားလမ်းမကြီးအား အသုံးပြုမည့် ပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိ ရှိကြရန်တိုက်တွန်းထားသည်။

#TachileikNewsAgency