ဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းနိုင်ငံကို ဇူလိုင်လအတွင်း ပြန်လာမည်ဟု သမီးဖြစ်သူက အတည်ပြု

ဝန်ကြီးချုပ်ဟောင်းသက်ဆင် ထိုင်းနိုင်ငံကို ဇူလိုင်လအတွင်း ပြန်လာမည်ဟု သမီးဖြစ်သူက အတည်ပြု
By Mr John

 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ ထိုင်းနိုင်ငံကို ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ပြန်လာမည်ဟု ၎င်း၏ သမီးဖြစ်သူ ပက်သွန်တန်ရှင်နာဝပ်ထရာက ဇွန်လ (၁၄) ရက်နေ့တွင် ထပ်မံ အတည်ပြုခဲ့သည်။

 Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat ဝန်ကြီးချုပ် မဖြစ်နိုင်ပါက သူမအနေဖြင့် ဝန်ကြီးချုပ်အဖြစ် တာန်ယူရန် အသင့်ရှိကြောင်းလည်း ပက်သွန်တန်က ပြောသည်။

ထိုင်းရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် Move Forward ပါတီ၏ ခေါင်းဆောင်ဖြစ်သူ Pita မှာ မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာများ ပိုင်ဆိုင်ထားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားချက်ရှိလာခဲ့ရာ Pita အနေဖြင့် ဝန်ကြီးချုပ်သစ်ဖြစ်လာရန် ရာနှုန်းပြည့် မသေချာသေးသည့် အခြေအနေ ဖြစ်သည်။ 

ပက်သွန်တန်ကမူ ယခုအချိန်အထိ Pita ကို ဝန်ကြီးချုပ်သစ်အဖြစ် ထောက်ခံထားဆဲဖြစ်ကြောင်း ပြောခဲ့သည်။

ဖခင်ဖြစ်သူနှင့် နောက်ဆုံးအကြိမ် စကားပြောခဲ့မှုအရ ယခင်က ကတိပြုထားသည့်အတိုင်း ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် ထိုင်းကိုပြန်လာရန် ဆုံးဖြတ်ထားဆဲဖြစ်ကြောင်း ပက်သွန်တန်က Pheu Thai ပါတီ ဌာနချုပ်တွင် ပြောခဲ့သည်။ 

သူမ၏ မိခင် Khunying Potjaman Na Pombejra နှင့် အခြား မိသားစုဝင်များက သက်ဆင်ကို ထိုင်းသို့ပြန်မလာစေလိုကြောင်း ခန့်မှန်းပြောဆိုမှုများကို ပက်သွန်တန်က ပယ်ချခဲ့သည်။

၎င်းတို့က သက်ဆင် ပြန်လာမည်ကို ကန့်ကွက်ခဲ့ကြခြင်း မရှိသော်လည်း နောက်ဆက်တွဲ ဖြစ်နိုင်ခြေများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြကြောင်း သူမက ပြောသည်။ 

ဝန်ကြီးချုပ်ဟောင်းသက်ဆင် နိုင်ငံမှ ထွက်ခွာသွားခဲ့သည်မှာ (၁၇) နှစ်ကြာပြီဖြစ်ပြီး မကြာခဏ ပြန်လာချင်ခဲ့ကြောင်း၊ အထူးသဖြင့် ၎င်း၏ (၇) ဦးမြောက် မြေးဖြစ်သူ သူမ၏သားလေး မွေးဖွားပြီးကတည်းကဖြစ်ကြောင်း ပက်သွန်တန်က ဆိုသည်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင် ဇူလိုင်လအတွင်း ထိုင်းသို့ ပြန်လာမည်ကို အတည်ပြုခဲ့သော်လည်း ရက်အတိအကျကိုမူ ၎င်းကိုယ်တိုင် ဆုံးဖြတ်လိမ့်မည်ဟု ပက်သွန်တန်က ပြောသည်။

 သက်ဆင်၏ (၇၆) နှစ်ပြည့် မွေးနေ့မှာ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၆) ရက်နေ့ဖြစ်ကြောင်း သိရသည်။ 

ဝန်ကြီးချုပ်ဟောင်းသက်ဆင်မှာ ၂၀၀၆ ခုနှစ် စက်တင်ဘာလ (၁၉) ရက် စစ်တပ်အာဏာသိမ်းမှုဖြင့် ဖြုတ်ချခံခဲ့ရသည်။ 

ထို့နောက်ပိုင်းတွင် သက်ဆက်က နိုင်ငံမှထွက်ခွာသွားခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ခေတ္တမျှ ပြန်လာခဲ့ခြင်းကလွဲ၍ ပြည်ပတွင်သာ နေထိုင်နေခဲ့သည်။

Source: Bangkok Post