မြန်မာ့အရေး ဘုံသဘောတူညီချက်များ တိုးတက်မှုမရှိပါက အာဆီယံအစည်းအဝေးများအားလုံး တက်ရောက်ခွင့် ပိတ်မည်

မြန်မာ့အရေး ဘုံသဘောတူညီချက်များ တိုးတက်မှုမရှိပါက အာဆီယံအစည်းအဝေးများအားလုံး တက်ရောက်ခွင့် ပိတ်မည်

 အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရခေါင်းဆောင်များက လူမှုရေးနှင့် နိုင်ငံရေး မငြိမ်သက်မှုများ မြင့်တက်နေသည့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအတွက် အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို တိုင်းတာနိုင်သော တိုးတက်မှုရှိစေရေး လုပ်ဆောင်ရန် သို့မဟုတ်ပါက အာဆီယံအအစည်းအဝေးများ တက်ရောက်ခွင့် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း အာဏာသိမ်း စစ်အုပ်စုကို နိုဝင်ဘာလ (၁၁) ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယမန်နှစ်က မြန်မာစစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သဘောတူညီခဲ့သည့် ဘုံသဘောတူညီချက် (၅) ချက်နှင့် ပတ်သက်၍ တိုးတက်မှု အနည်းငယ်သာရှိခဲ့ပြီးနောက် ထိုသဘောတူညီချက်များကို လိုက်နာဆောင်ရွက်ရာတွင် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကောင်အထည်ဖော်မှု၊ လက်တွေ့ဆောင်ရွက်မှုနှင့် တိကျသည့် အချိန်ဇယားနှင့်အတူ တိုင်းတာနိုင်သောအညွှန်းများ လိုအပ်သည်ဟု အာဆီယံခေါင်းဆောင်များက ကောက်ချက်ချခဲ့သည်။

ထို့အပြင် အာဆီယံအစည်းအဝေးများ အားလုံးတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်မှုကို အာဆီယံက ပြန်လည်သုံးသပ်သွားမည်ဟု ဆိုသည်။ 

အာဆီယံထိပ်သီးအစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီများ အစည်းအဝေးကဲ့သို့ ထိပ်ပိုင်းခေါင်းဆောင်များ အစည်းအဝေးများတွင်မူ မြန်မာစစ်အုပ်စုကို ယမန်နှစ်ကတည်းက တက်ရောက်ခွင့်ပိတ်ထားခဲ့သည်။ 

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် နိုဝင်ဘာလ (၁၁) ရက်နေ့က ကျင်းပပြုလုပ်သည့် အာဆီယံထိပ်သီးအစည်းအ‌ဝေးတွင် မြန်မာနိုင်ငံ၏ ထိုင်ခုံကို အလွတ်ထားခဲ့ကြောင်း သိရသည်။

ယခုထုတ်ပြန်ချက်မှာ စစ်အုပ်စုကို ပြင်းထန်သည့် သတင်းစကားပါးခြင်း သို့မဟုတ် သတိပေးချက်ထုတ်ခြင်းပင်ဖြစ်သည်ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က ပြောသည်။ 

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်း တိုးတက်မှု မရှိခြင်းအတွက် သူမက ပြီးခဲ့သည့် သီတင်းပတ်အတွင်း စစ်အုပ်စုကို အပြစ်တင်ခဲ့သည်။ 

လာမည့် ၂၀၂၃ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဌ အဖြစ် တာဝန်ယူသွားမည် ဖြစ်သည်။

လူ့အခွင့်အရေးအုပ်စုတစ်ခုဖြစ်သည့် Fortify Rights က စစ်အုပ်စုကို အာဆီယံအစည်းအဝေးများ အားလုံးတွင် တက်ရောက်ခွင့်ပိတ်ပင်ရန်၊ မအောင်မြင်သည့် ဘုံသဘောတူညီချက် (၅) ချက်ကို ဖျက်သိမ်းရန်နှင့် မြန်မာနိုင်ငံ၏ အရပ်သားများကို ကာကွယ်ရန် အရေးပေါ် အစီအမံများ လုပ်ဆောင်ရန်အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီ ထုတ်ပြန်တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ဖရိုဖရဲဖြစ်နေသည့် အခြေအနေကို ကြုံနေကြရသည်။ 

စစ်တပ်အာဏာသိမ်းမှုကို မြန်မာပြည်သူလူထုက အကြီးအကျယ် ဆန္ဒပြခဲ့ကြပြီး နောက်ပိုင်းတွင် လက်နက်ကိုင်တော်လှန်လာခဲ့ကြသည်။

စစ်တပ်က ဆန့်ကျင်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့မှုကြောင့် အာဏာသိမ်းပြီး ရက်ပေါင်း (၆၀၀) ပြည့်သည့် နိုဝင်ဘာလ (၉) ရက်နေ့အထိ အရပ်သားပြည်သူ (၂,၄၂၈) ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးချုပ်နှောင်ခံထားရသူ (၁၂,၉၁၈) ဦးရှိနေပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းအရ သိရှိရသည်။



Source: Reuters