ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် သံဃာတော်(၁)ပါးနှင့် အရပ်သား(၂)ဦးသေဆုံး

ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် သံဃာတော်(၁)ပါးနှင့် အရပ်သား(၂)ဦးသေဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် ယနေ့ ၂၀၂၃ခုနှစ်၊ ဇွန်လ(၂)ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်မှ  ရဟတ်ယာဉ်ပစ်ကူ အပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကြောင့်  သံဃာတော်(၁)ပါးအပါအဝင် အရပ်သား(၂)ဦး ထိမှန်သေဆုံးပြီး ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း‌ သိရသည်။

စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မဏိရတနာ စာသင်တိုက်မှ သံဃာတော်(၁)ပါး အပါအဝင် အရပ်သား(၂)ဦး ယနေ့နံနက်ပိုင်းတွင် ထိမှန်သေဆုံးပြီး နေအိမ်များလည်းပျက်စီးသွားကြောင်း သိရသည်။ 

"ဟုတ်ပါတယ်ခင်ဗျ။ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်တာ။ အရင်ကလည်း ဒီလိုပုံစံပဲဆိုတော့ ထွေထွေထူးထူးပြောစရာတော့ မရှိပါဘူး။"ဟု နဂါးနီးစစ်ကြောင်းက တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောသည်။

တိုက်ပွဲမှာဆက်လက်ဖြစ်ပွားနေပြီး အသေးစိတ်အခြေအနေကိုမူ မသိရသေးဟု တော်လှန်တပ်ဖွဲ့များကပြောသည်။

စစ်ကောင်စီလော်ဘီချန်နယ်များတွင်မူ ကြာအင်းဆိပ်ကြီးမြို့ရှိ ခလရ(၂၈၄)တပ်ရင်းဌာနချုပ်၊  ကြာအင်းဆိပ်ကြီးခရိုင်ရဲစခန်း၊ စရတ စု-၄ ရုံး၊ ခရိုင်စီမံရုံး၊ လဝကရုံး၊ သစ်တောရုံး၊ မြေစာရင်းရုံးနှင့် စစ်ကောင်စီတပ်များကို KNU နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ လာရောက်တိုက်ခိုက်ခံနေရသဖြင့် ကြာအင်းဆိပ်ကြီးတပ်နယ်မှ အခြေချစစ်ဗျူဟာနှင့် တပ်ဌာနချုပ်များက လက်နက်ကြီးပစ်ခတ်ပြီး ပစ်ကူပေးနေရသည်ဟု ရေးသားထားကြသည်။

#TachileikNewsAgency

Photo-Saw Nay Thar