ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် အကြိမ်(၄၀)ကျော် ပစ်ခတ်ရာ နေအိမ်များပျက်စီးခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)ထံမှ သိရသည်။
ဆီဆိုင်မြို့ကို စစ်ကောင်စီက စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး ယမန်နေ့ ၂၀၂၄ခုနှစ် မတ်လ (၄)ရက်နေ့တွင် တစ်နေကုန် ဆီဆိုင်မြို့မြောက်ဘက်တွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ဆိုသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ပြန်လည်ခုခံတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့မြောက်ဘက်ကို အထိအခိုက်များစွာဖြင့် ပြန်လည်ဆုတ်သွားသည်ဟု ထုတ်ပြန်ထားသည်။
အထိနာသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲနှင့်မသက်ဆိုင်သည့် ဆီဆိုင်မြို့ကို လက်နက်ကြီးဖြင့် အကြိမ်(၄၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။
ထို့အပြင် ယမန်နေ့တွင်ပင် စစ်ကောင်စီသည် မဲနယ်တောင်ဒေသကိုလည်း ဟိုပုံးမြို့ဘက်မှနေပြီး လက်နက်ကြီးဖြင့် အကြိမ်(၂၀)ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
စစ်ကောင်စီသည် လေယာဉ်များ၊ လက်နက်ကြီးများကို အလွန်အကျွံအသုံးပြုပြီး ပအိုဝ်းဒေသကို ပစ်ခတ်ဖျက်ဆီးနေပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။
#TachileikNewsAgency