မိုခါ၏အရှိန်ကြောင့် နေရာကွက်ကျားမိုးကြီးမှုနှင့် ရေကြီး၊ ရေလျှံ၊ မြေပြိုမှုများ ဖြစ်ပွားနိုင်

မိုခါ၏အရှိန်ကြောင့် နေရာကွက်ကျားမိုးကြီးမှုနှင့် ရေကြီး၊ ရေလျှံ၊ မြေပြိုမှုများ ဖြစ်ပွားနိုင်
By Tachileik News Agency

ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် လက်ရှိတွင် အားလျော့သွားပြီဖြစ်သော်လည်း နေရာကွက်ကျားမိုးကြီးမှုနှင့် ရေကြီး၊ ရေလျှံ၊ မြေပြိုမှုများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၃ ခုနှစ် မေလ (၁၅)ရက်နေ့ န့နက် (၇)နာရီအချိန် ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

ယမန်နေ့က အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ဝင်ရောက်လာသည့် မိုခါသည် ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှ အားပျော့သည့် မုန်တိုင်းငယ်အဖြစ်ဖြတ်သန်းသွားကာ ကချင်ပြည်နယ်အတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားလျော့သွားမည်ဟု မိုး/ဇလက ခန့်မှန်းထားသည်။

မုန်တိုင်းအားလျော့သွားသော်လည်း မုန်တိုင်းအရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၂၄) နာရီအတွင်း နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်ကြောင်းလည်း သတိပေးထားသည်။

မုန်တိုင်းအရှိန်ကြောင့် မြစ်ရေတိုးခြင်းခြင်းများဖြစ်နေပြီး ယနေ့ နံနက် (၆)နာရီခွဲအချိန် မိုး/ဇလ၏ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်တို့တွင်လည်းကောင်း၊  ဒုဌဝတီမြစ်ရေသည် သီပေါတွင်လည်းကောင်း၊ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်း၊ မော်လိုက်၊ ကလေးဝနှင့် မုံရွာတွင်လည်းကောင်း၊ မြစ်သာမြစ်ရေသည် ကလေးတွင်လည်းကောင်း၊ စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်တွင်လည်းကောင်း၊ ပဲခူးမြစ်ရေသည် ဇောင်းတူတွင်လည်းကောင်း၊ သံလွင်မြစ်ရေသည် ဖားဆောင်းနှင့် ဘားအံတွင်လည်းကောင်း၊ သောင်ရင်းမြစ်ရေသည် မြဝတီတွင်လည်းကောင်း၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းနှင့် သာပေါင်းတွင်လည်းကောင်း၊ တိုးမြစ်ရေသည် မအူပင်တွင် လည်းကောင်း၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းတွင်လည်းကောင်း အသီးသီးမြင့်တက်နေသည်ဟု သိရသည်။