ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲရက် မတိုင်မီ မဲဝယ်သူများကို ဖမ်းဆီး

Photo:  REUTERS/Athit Perawongmetha
Photo:  REUTERS/Athit Perawongmetha
ထိုင်းနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲရက် မတိုင်မီ မဲဝယ်သူများကို ဖမ်းဆီး
By Mr John

 ထိုင်းနိုင်ငံတွင် ယနေ့ ၂၀၂၃ခုနှစ် မေလ (၁၄) ရက်တွင် ပြုလုပ်မည့်  အထွေထွေရွေးကောက်ပွဲ မတိုင်မီ မေလ (၁၃)ရက်နေ့က မဲဝယ်သူ (၃) ဦးကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ 

ပထမဆုံး ဖမ်းဆီးမှုမှာ Bueng Kan ပြည်နယ်တွင်ဖြစ်ပြီး မဲဝယ်သူကို နာမည်စာရင်းတစ်ခုနှင့် ငွေများနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း ရွေးကောက်ပွဲများ လုံခြုံရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဌာန ပြောခွင့်ရအမျိုးသား ရဲဗိုလ်ချုပ် Nithithorn Jintakanon က ပြောသည်။

ဒုတိယဖြစ်စဥ်မှာ အယုဒ္ဓယမြို့တွင်ဖြစ်ပြီး တတိယတစ်ဦးကို Phichit ပြည်နယ်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းနှင့် တရားခံ (၂) ဦးလုံးကို မဲဝယ်ရန် ငွေများနှင့်အတူ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ 

ဖမ်းဆီးခဲ့သည့် မဲဝယ်သူ (၃) ဦးလုံးကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်နေကြောင်း သိရသည်။ 

ရွေးကောက်ပွဲဆိုင်ရာ ရာဇဝတ်မှုများကို တိုက်ဖျက်ရန် ရဲတပ်ဖွဲ့က ပိုမိုအားထုတ်နေကြောင်းနှင့် မဲဆန္ဒရှင်များ အနေဖြင့် ရွေးကောက်ပွဲဥပဒေများကို မချိုးဖောက်မိစေရန် အသိပညာပေးမှုများ တိုးမြှင့်ဆောင်ရွက်နေကြောင်း ရဲဗိုလ်ချုပ် Nithithorn က ဆိုသည်။

မဲဝယ်မှုအတွက် ပြစ်ဒဏ်ချမှတ်ရာတွင် ဝယ်သူများနှင့် ရောင်းသူများကိုပါ ထောင်ဒဏ် (၁) နှစ်မှ (၁၀) နှစ်အထိ သို့မဟုတ် ငွေဒဏ် ဘတ် (၂၀,၀၀၀) မှ (၂၀၀,၀၀၀) အထိ ချမှတ်နိုင်ကြောင်း ၎င်းက သတိပေးသည်။ 

ထို့အတူ ၎င်းတို့၏ မဲပေးပိုင်ခွင့်ကို ရောင်းသူများမှာ (၅) နှစ်အထိ ထောင်ဒဏ် သို့မဟုတ် ဘတ် (၂၀,၀၀၀) နှင့် (၁၀၀,၀၀၀) ကြား ငွေဒဏ် ချမှတ်ခံရနိုင်ပြီး မဲပေးပိုင်ခွင့်ကိုလည်း (၁၀) နှစ်ကြာ ရုပ်သိမ်းခံရမည်ဟု ဆိုသည်။

အခြား ပြစ်မှုများတွင် ရွေးကောက်ပွဲရလဒ်ကို အလောင်းအစားလုပ်ခြင်း၊ မဲပေးရာတွင် ဩဇာလွှမ်းမိုးရန် ရည်ရွယ်ချက်ဖြင့် မဲဆန္ဒရှင်များကို မဲရုံသို့ ပို့ဆောင်ပေးခြင်း၊ မဲပေးခြင်းကို နှောင့်ယှက်ဟန့်တားခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာပစ္စည်းများကို ဖျက်ဆီးခြင်းတို့ ပါဝင်သည်။ 

ထိုင်းနိုင်ငံတွင် ရွေးကောက်ပွဲရှိခြင်းကြောင့် မေလ (၁၃) ရက် ညနေ (၆) နာရီမှ မေလ (၁၄) ရက် ညနေ (၆) နာရီအထိ အရက်သေစာ ရောင်းချခြင်းနှင့် ပါတီလိုဂိုများ သို့မဟုတ် နံပါတ်များ ပါဝင်သော ဝတ်ဆင်မှုများ အပါအဝင် မဲဆွယ်စည်းရုံးမှု အားလုံးကို တားမြစ်ပိတ်ပင်ထားသည်။

မဲဆန္ဒရှင်များကိုလည်း မဲရုံကနေ မဲလက်မှတ်နှင့်အတူ ထွက်ခွာသွားခြင်း၊ မဲလက်မှတ်ကို ဖျက်ဆီးခြင်းနှင့် မဲလက်မှတ်ကို ဓာတ်ပုံရိုက်ခြင်း အပါအဝင် မဲရုံစည်းမျဥ်းများကို ချိုးဖောက်ရာရောက်သည့် အပြုအမူများ မပြုလုပ်ကြရန် သတိပေးထားသည်။ 

၂၀၂၃ ခုနှစ် ထိုင်းရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ (၅၂) သန်းရှိကြောင်း သိရသည်။

Source: Bangkok Post